အလုပ်သမားရေးရာသတင်းများနှင့်ပတ်သက်၍ သတင်းစောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းထားရှိပြီး ချက်ချင်းသွား ရောက်ဖြေရှင်းပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီး ပြောကြား
PUBLISHED - February 23, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
အလုပ်သမားရေးရာသတင်းများ ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းထားရှိပြီး အလုပ်သမားရေးရာသတင်းများကိုတွေ့ရှိပါက ပေါင်းစပ်အဖွဲ့များနှင့် သတင်းပါစက်ရုံ၊ အလုပ်ရုံများသို့ ချက်ချင်းသွားရောက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်ကော်မတီများမှ တာဝန်ခံများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းပြည်ပမီဒီယာများတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ် ငန်းအပါအဝင်စက်ရုံ၊ အလုပ်ရုံများနှင့်ဆက်စပ်သော အလုပ်သမားရေးရာသတင်းများကို ယခုကာလအတွင်း ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး အလုပ် သမားရေးရာသတင်းများကိုတွေ့ရှိပါက ပေါင်းစပ်အဖွဲ့များနှင့် သတင်းပါစက်ရုံ၊ အလုပ်ရုံများသို့ ချက်ချင်း သွားရောက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းခွင်များတွင် လုပ်ကိုင် ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမားများ၏ တွေ့ကြုံခံစားနေရသည့် အခက်အခဲများ၊ အားနည်း ချက်များကို သိရှိလိုကြောင်းဖြင့် ပြောကြားသည်။
UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မ တီအလိုက် တာဝန်ခံများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆောင်ရွက်ပေး စေလိုသည့် အချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိ ရသည်။
#PeopleMedia