အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ်ခုကိုခွင့်ပြု
PUBLISHED - October 1, 2024
နေပြည်တော်၊ အောက်တိုဘာ ၁
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉၇၂ ဦးကို ဖန်တီးပေးနိုင်မည့် လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်ရှစ်ခုကို ခွင့်ပြုလိုက်ကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်အဝေးမှ သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၅၅ သန်းနှင့် ငွေကျပ် ၄၆၀၀၅ ဒသမ ၂၂၆ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉၇၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် လျှပ်စစ်သုံးမော်တော်ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။
#PeopleMedia