အလုပ်အကိုင်အခွင့်အလမ်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြု

PUBLISHED - January 31, 2025
နေပြည်တော်၊ ဇန်နဝါရီ ၃၁
အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး၊ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းနှင့် ငွေကျပ် ၃၄၅၈၆၃ ဒသမ ၀၄၃ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခု အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့လည်း ပါရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသ ပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ စီးပွားရေးကဏ္ဍ ၁၂ ရပ်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
#PeopleMedia