• Follow Us on
Latest News

Home အလုံးစုံအပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေအတွက်ပဲ အကျိုးရှိသွားလိမ့်မယ်လို့ အိမ်ဖြူတော်ပြော

အလုံးစုံအပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေအတွက်ပဲ အကျိုးရှိသွားလိမ့်မယ်လို့ အိမ်ဖြူတော်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

 

အစ္စရေးနိုင်ငံက ဟားမတ်စ်စစ်သွေးကြွအုပ်စုကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေချိန်မှာ လူသားချင်စာနာမှု အရ အကူအညီတွေဝင်ရောက်နိုင်အောင် တိုက်ခိုက်မှုတွေကို အချိန်တိုရပ်နားခွင့်ပြုဖို့ စဉ်းစားနေပေမဲ့ ဂါဇာ ကမ်းမြောင်ဒေသမှာ အလုံးစုံအပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေအတွက်သာ အကျိုးကျေးဇူးရသွားမှာ ဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်က အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အစ္စရေးကလက်တုံ့ပြန်ဗုံးကြဲတိုက်ခိုက်နေတဲ့ ကြားက ပါလက်စတိုင်းပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးတာဟာ လုံလောက်မရှိ သေးဘူးလို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်စဉ်မှာပဲ အခုလို အိမ်ဖြူတော်ရဲ့မှတ်ချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

“အခုအချိန်မှာ အပစ်အခတ်ရပ်စဲလိုက်တာဟာ ဟားမတ်စ်တွေအတွက်သာ အကျိုးကျေးဇူးရသွားမှာဖြစ်ပါ တယ်။” လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်က သတင်းထောက်တွေကိုပြောပါတယ်။

 

ဟားမတ်စ်တွေက အစ္စရေးနိုင်ငံကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့ပြီးနောက် အရပ်သားတွေကို သတ်ဖြတ်ပြီး ဓားစာခံ တွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းက နေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ နှစ်ဖက်စလုံးမှာ ထောင်နဲ့ချီပြီး သေဆုံးလျက်ရှိပါတယ်။

 

ဥရောပသမဂ္ဂခေါင်းဆောင်တွေက အချိန်တိုအပစ်အခတ်ရပ်စဲရေးတောင်းဆိုဖို့ စဉ်းစားနေကြချိန်မှာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ချက်ချင်းရပ်စဲဖို့ အင်္ဂါနေ့အစောပိုင်းက တောင်းဆိုလိုက်ပါတယ်။

 

အမေရိကန်အစိုးရက အလုံးစုံအပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ပေမဲ့ အကူအညီတွေဝင်ရောက်လာနိုင်ရေး ချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ အချိန်တိုအပစ်အခတ်ရပ်စဲရေးကို စဉ်းစားသင့် ကြောင်း ကာဘီက ပြောပါတယ်။

 

“အရပ်သားတွေအတွက် ကာကွယ်ရေးအစီအစဉ်တွေဆောင်ရွက်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ စစ်ဆင် ရေး အချိန်တိုရပ်နားပေးလိုက်ရင် အကူအညီတွေအတွက် ယာယီအချိန်တစ်ခု အထိ အလုပ်လုပ်နိုင်လိမ့်မယ် လို့ မြင်ပါတယ်။ ဒါက အလုံးစုံအပစ်အခတ်ရပ်စဲရေးကို ပြောနေတာ မဟုတ်ပါဘူး။” လို့ ၎င်းကပြောပါတယ်။

 

အလုံးစုံအပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်လာနိုင်အောင် အချိန်တို အပစ်အခတ်ရပ်စဲပေးရေးကို ထောက်ခံထားတဲ့ အမေရိကန်ဦးဆောင်တဲ့ဆုံးဖြတ်ချက်အသစ်ကို ကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ထောက်ခံဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစောပိုင်းက ပြောဆို ခဲ့ပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း ဟားမတ်စ်တွေဖမ်းခေါ်သွားတဲ့ ဓားစာခံအားလုံး ပြန်လည်လွှတ်ပေးပြီးမှသာ အပစ်အခတ်ရပ်စဲရေးကို စတင်သင့်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောပါတယ်။

 

Ref: Gaza Ceasefire ‘Only Benefits Hamas,’ Says White House

 

#PeopleMedia


Share this post