အလှူငွေများကိုလည်း သဘာဝဘေးဒဏ်များဖြစ်ခဲ့သည့်နေရာများ၌ အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား
PUBLISHED - September 25, 2024
နေပြည်တော် စက်တင်ဘာ ၂၅
အလှူငွေများကိုလည်း သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ အမြန်ဆုံးပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သီတဂူဆရာတော်ကြီး၏ ကရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြောသည်။
ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင် ကျောင်းများတွင် ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ ထို့ပြင် လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး စက်တင်ဘာလ ၂၄ရက် နံနက်ပိုင်းအထိ စာရင်းများအရ ၄၁၉ ဦး သေဆုံးခဲ့ရကြောင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျော ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များလည်း များစွာပျက်စီးခဲ့ကြောင်း၊ အလားတူ တိရစ္ဆာန် ၁ သိန်းကျော်သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင်အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြသဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ထိုသို့လှူဒါန်းမှုသည် နိုင်ငံတော်အတွင်းတွင်ရှိကြသည့် စေတနာရှင်၊ အလှူရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဒ္ဓါတရား ထက်သန်မှုကို တွေ့မြင်ရကြောင်း၊ အဆိုပါ အလှူငွေများကိုလည်း သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
ရေဘေးသင့်ဒေသများ၌ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ အောက်တိုဘာလအတွင်း အမြန်ဆုံး ဖြစ်နိုင်သည့်နေရာမှန်သမျှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် ပညာရေးအဆောက်အဦများကိုလည်း အမြန်ဆုံးပြန်လည် ပြင်ဆင်တည်ဆောက်ပေးနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia