• Follow Us on

Home အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းပေး

အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းပေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

ယခုအချိန်အထိ အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

 

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၂/၂၀၂၃) ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက  တပ်မတော်အတွင်း အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေးနှင့် တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးအပြင် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ် သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးရေးများဆောင်ရွက်လျက်ရှိကြောင်း၊ ပြော သည်။

 

၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော်(ကြည်း)အား ပထမဦးစားပေးစာရင်းတွင် ပါဝင်လာခဲ့သဖြင့် အဆိုပါစာရင်းမှပယ်ဖျက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော် အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေး သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး ယခုအချိန်အထိ အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ် ကြောင်း၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍ စိစစ်ခဲ့ရာ အသက်မပြည့်ကြောင်း သံသယရှိသူလူငယ်များအား လက်ခံခြင်းမပြုဘဲ သက်ဆိုင်ရာ နေရပ်လိပ်စာ အသီးသီးသို့ ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ကြောင်း ပြောသည်။

 

CTFMR မှပေးပို့လာသည့် သံသယဖြစ်ဖွယ် စစ်သည်များကိုလည်း ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း စုဆောင်းလျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post