• Follow Us on
Latest News

Home အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ မတ် ၂၅

 

အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးစသည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း ယမန်နေ့တွင် ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ဆဲဆည်တမံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ရှေ့ဆက်အကောင်အထည် ဖော်နိုင်ရေးနှင့် နိုင်ငံတော်၏ရည်မှန်းချက်များ ပြည့်မီရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်ရန်လိုအပ်သည့် မျိုး၊ မြေဩဇာ၊ စက်ကိရိယာများ၊ စိုက်ပျိုးရေရရှိရန် ဆိုလာရေတင်လုပ်ငန်းများကို ဦးစားပေးလျာထားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးစသည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေအရင်းအမြစ်များနှင့် ပြည်သူများအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းကိုလည်း ခွင့်ပြုထားကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေများ လျာထားခွင့်ပြုပေးထားပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

ပြည်ထောင်စုဝန်ကြီးဌာနများက လျာထားသည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက လျာထားသည့်လုပ်ငန်းများတွင် လက်တွေ့ကျသည့် စီမံကိန်းဖြစ်စေရန်နှင့် ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျလေ့လာသုံးသပ်ပြီး အချိန်မီပြီးစီးရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ရည်မှန်းချက်ပါ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြရေး ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post