• Follow Us on

Home အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးသည့်ကုမ္ပဏီ (၁၇၄) ခုရှိပြီး ယင်းကုမ္ပဏီများမှ ကျပ် (၂၀၁၁ ဒသမ ၀၇၇ သန်း) ထုတ်ချေးထား

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးသည့်ကုမ္ပဏီ (၁၇၄) ခုရှိပြီး ယင်းကုမ္ပဏီများမှ ကျပ် (၂၀၁၁ ဒသမ ၀၇၇ သန်း) ထုတ်ချေးထား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ကုမ္ပဏီ ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း ထုတ်ချေးထားကြောင်း ယမန်နေ့က ကျင်းပသည့် အသေးစားငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ်ကုမ္ပဏီကိုးခု စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၃၀၀ နှင့် ကျေးရွာပေါင်း ၂၇၀၀၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းသို့ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း ထုတ်ချေးထားကြောင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဝင်ငွေနည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောသည်။

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက် ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် MSME လုပ်ငန်း ကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း၊ ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများအား ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Services များအသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက အသေးစားနှင့် အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့်ချေးငွေများရရှိစေရန် ပြည်တွင်းဘဏ်များသာမက အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုရယူသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးသည့် ကုမ္ပဏီ များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 

#PeopleMedia


Share this post