• Follow Us on
Latest News

Home အာဆီယံမှာ FDI အနိမ့်ဆုံးဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ နည်းပညာအဆင့်မြင့် စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ဖို့လိုကြောင်း NESDC ပြော

အာဆီယံမှာ FDI အနိမ့်ဆုံးဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ နည်းပညာအဆင့်မြင့် စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ဖို့လိုကြောင်း NESDC ပြော

Share this post

နိုင်ငံတကာ၊ မေ ၂၅

 

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ ၂.၉၆ ဘီလျံသာဝင်ရောက် လာခဲ့ရာ အာဆီယံနိုင်ငံတွေကြားအနိမ့်ဆုံးဖြစ်ခဲ့တဲ့အတွက် အဆင့်မြင့်နည်းပညာထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက် မှုကောင်စီ (NESDC) က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကလည်း အခုနှစ် ပထမသုံးလပတ်အတွင်း ၁.၅% သာမြင့်တက်ခဲ့ရာ အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံးရောက်ရှိနေကြောင်း အခုသီတင်းပတ်အတွင်းထုတ်ဝေ ခဲ့တဲ့ “၂၀၂၄ ခုနှစ် ပထမသုံးလပတ် စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာ” ထဲမှာ အမျိုးသားစီးပွားရေးစီမံကိန်း အဖွဲ့က ထုတ်ဖော်ပြောကြားထားပါတယ်။

 

ပထမသုံးလပတ်ကာလအတွင်း ပြည်ပပို့ကုန်ကဏ္ဍ ၂.၅% နဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ၄.၆% မြင့်တက်ခဲ့သလို ပြည်တွင်းစားသုံးမှုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၆.၉% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလို အတန်ငယ်မြင့်တက်ခဲ့ပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနဲ့ ပထဝီနိုင်ငံ ရေးဆိုင်ရာစစ်ပွဲတွေရဲ့ အန္တရာယ်ကြောင့် NESDC ကထိုင်းနိုင်ငံရဲ့ GDP တိုးတက်မှုခန့်မှန်းချက်ကို ၂.၂%-၃.၂% ကနေ ၂-၃% အထိ လျှော့ချထားပါတယ်။

 

ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း FDI ဒေါ်လာ ၂.၉၆ ဘီလျံသာ ရရှိခဲ့တာမို့ ၂၀၂၃ ခုနှစ် အာဆီယံနိုင်ငံ များ FDI စီးဆင်းမှု နောက်ဆုံးနေရာမှာသာရှိနေကြောင်းလည်း NESDC က ပြောပါတယ်။

 

၂၀၂၃ ခုနှစ် FDI စီးဆင်းမှုမှာ ဒေါ်လာ ၂၁.၇ ဘီလျံနဲ့ အင်ဒိုနီးရှားနိုင်ငံက ပထမ၊ ဒေါ်လာ ၁၈.၅ ဘီလျံနဲ့ မလေးရှားက ဒုတိယ၊ ဒေါ်လာ ၈.၂၅ ဘီလျံနဲ့ ဗီယက်နမ်က တတိယ ရရှိထားပါတယ်။

 

ထိုင်းနိုင်ငံဟာ သုံးနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လောင်စာဆီလို သမရိုးကျစက်မှုလုပ်ငန်းတွေမှာ သိသိ သာသာလျော့ကျလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ FDI ဟာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး လျော့ကျလာခဲ့တာဖြစ်တယ် လို့ NESDC က ပြောပါတယ်။

 

“အတိတ်ကာလက ထိုင်းစီးပွားရေးကို မောင်းနှင်နေတဲ့ စက်မှုလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍဟာ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်ရေးနဲ့ ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ သိသိသာသာ လျော့ကျလာပါတယ်။” လို့ NESDC က ပြောပါ တယ်။

 

“FDI လျော့ကျမှုဟာ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ၁% လျော့ကျခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ကဏ္ဍ ကိုလည်း ထိခိုက်ခဲ့ပါတယ်။ ပြီးတော့ ၁၈ လ ဆက်တိုက်လျော့ကျခဲ့တဲ့ စက်မှုထုတ်လုပ်ရေးညွှန်းကိန်းကလည်း ၃.၇% အထိ လျော့ကျသွားခဲ့ပါတယ်။” လို့ NESDC က ပြောပါတယ်။

 

တီထွင်ဖန်တီးမှုနဲ့ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ထုတ်လုပ်မှုနည်းပညာကို မြှင့် တင်ဖို့ ထိုင်းအစိုးရအနေနဲ့ မက်လုံးဆုကြေးတွေ ကမ်းလှမ်းပြီး စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့ NESDC က အကြံပြုခဲ့ပါတယ်။

 

ရည်မှန်းချက်ချမှတ်ထားတဲ့ စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ှုအတွက် ကျွမ်းကျင် လုပ်သားတွေကို လေ့ကျင့်သင်ကြားပေးရမှာဖြစ်သလို နိုင်ငံအတွင်း ကုန်ကြမ်းထုတ်လုပ်မှုနဲ့ တစ်ဝက်ကုန်ချော ထုတ်လုပ်မှုနဲ့ ဆက်နွယ်တဲ့ စက်မှုလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း NESDC ကပြောပါတယ်။

 

Ref: Thailand needs to shift to high-tech industries’ as FDI lowest in ASEAN

 

#PeopleMedia


Share this post