အာဆီယံ FDI ရရှိမှုဟာ ဆယ်နှစ်အတွင်း တရုတ်ကို ကျော်လွန်သွားနိုင်ကြောင်း ခန့်မှန်းထား
PUBLISHED - August 5, 2024
နိုင်ငံတကာ၊ သြဂုတ် ၅
အရှေ့တောင်အာရှဒေသဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) နဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ လာမယ့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံကို ကျော်လွန်သွားမယ့် အနေအထားမှာ ရှိနေကြောင်း အန်ဆနာ ကောင်စီ၊ Bain & Company နဲ့ DBS ဘဏ်တို့ သြဂုတ်လ ၁ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့တဲ့ Southeast Asia Outlook 2024 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
SEA-6 ခေါ် အာဆီယံ စီးပွားရေးထိပ်သီး ခြောက်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတို့ဟာ အဲဒီကာလမှာ တရုတ်နိုင်ငံထက် နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၅.၁% တိုးတက် သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီတိုးတက်မှုကို အဓိကတွန်းပို့မြှင့်တင်ပေးမယ့်ကဏ္ဍကတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပဲ ဖြစ်ပါတယ်။ ဆယ်နှစ်အတွင်း ပထမဦးဆုံးအနေနေ့ အရှေ့တောင်အာရှဒေသဟာ ၂၀၂၃ ခုနှစ်မှာ တရုတ် ထက် FDI ပိုမိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံက FDI ဒေါ်လာ ၄၃ ဘီလျံသာရရှိခဲ့ပေမဲ့ အရှေ့တောင်အာရှကတော့ ဒေါ်လာ ၂၀၆ ဘီလျံ ရရှိခဲ့ပါတယ်။
အဲဒီပမာဏဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြားကာလမှာ တရုတ်နိုင်ငံက FDI တိုးတက်မှုနှုန်း ၁၀% သာရှိ ပေမဲ့ အရှေ့တောင်အာရှကတော့ ၃၇% မြင့်တက်ခဲ့ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။
“အရှေ့တောင်အာရှဟာ သိသိသာသာ တိုးတက်လာတဲ့ အပြောင်းအလဲကို တွေ့ကြုံဖြတ်သန်းနေရပါတယ်။ ဒေသရဲ့မဟာဗျူဟာမြောက်တည်နေရာရယ်၊ ပြည်တွင်းထုတ်ကုန်တိုးတက်ခိုင်မာမှုတွေရယ်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။” လို့ Bain & Company ရဲ့ အကြံပေးအဖွဲ့ဝင်နဲ့ အန်ဆနာ ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ချာလီစ်အိုမစ္စတန်က ပြောပါတယ်။
သမိုင်းကြောင်းအရ အရှေ့တောင်အာရှဒေသစီးပွားရေးဟာ တရုတ်နဲ့ အိန္ဒိယနောက်မှာ ကျန်ခဲ့ပေမဲ့ လက်ရှိအ ချိန်မှာ အချိန်တိုအတွင်း အခုလို တိုးတက်လာခဲ့တာဖြစ်ပါတယ်။
အခုလိုအချိန်တိုအတွင်း တိုးတက်လာတာဟာ “အရှေ့တောင်အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာ ခြင်း၊ ပြည်တွင်း သမရိုးကျလုပ်ငန်းတွေကနေ နည်းပညာ၊ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းမျိုးစုံကို အမျိုးမျိုး ပြောင်းလဲဆောင်ရွက်လာနိုင်ခြင်းနဲ့ ဒေသတွင်း လူငယ်ဦးရေနဲ့ လူဦးရေ တိုးတက်များ ပြားလာခြင်းတို့အပါအဝင် အကြောင်းအရာမျိုးစုံကြောင့်ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမှာ ဗီယက်နမ်နိုင်ငံက ဦးဆောင်နေပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က ဖွံ့ဖြိုးတိုးတက်မှု နှုန်း ၆% ကျော်၊ အင်ဒိုနီးရှားက ၅.၇% ၊ မလေးရှားက ၄.၅%၊ ထိုင်းက ၂.၈% နဲ့ စင်္ကာပူက ၂.၅% အသီးသီး ရရှိထားပါတယ်။
“ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်။ အရှေ့တောင်အာရှဒေသဟာ အဲဒီအပြောင်းလဲပေါ်မှာ ကောင်းစွာ ရင်းနှီး မြှုပ်နံှနိုင်မယ့် အနေအထားမှာ ရောက်ရှိနေတယ်။ မှန်ကန်တဲ့ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အာဆီယံ ဒေသဟာ ပိုမိုမြင့်မားတဲ့ အောင်မြင်မှုမျိုးကို ရရှိလာနိုင်ပါတယ်။” လို့ DBS ဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ထိုင်မာဘေးက ပြောပါတယ်။
Ref: Southeast Asia set to overtake China in growth and FDI, says report
#PeopleMedia