• Follow Us on
Latest News

Home အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံရေးပါတီနှစ်ခုကို အစိုးရအဖွဲ့ထဲထည့်သွင်းရမယ်လို့ ဖီယူ ထိုင်းပါတီပြော

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံရေးပါတီနှစ်ခုကို အစိုးရအဖွဲ့ထဲထည့်သွင်းရမယ်လို့ ဖီယူ ထိုင်းပါတီပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂

 

ဖီယူထိုင်းပါတီအနေနဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံ ရေးပါတီနှစ်ခုကို ညွန့်ပေါင်းအဖွဲ့ထဲမှာ ထည့်သွင်းသွားရမှာဖြစ်ကြောင်း ပါတီဒုတိယခေါင်းဆောင် ဖမ်သမ်ဝီချာ ယာချိုင်းက သောကြာနေ့ (သြဂုတ်လ ၁၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

နိုင်ငံတည်ငြိမ်ရေးအတွက် ဖီယူထိုင်းပါတီက ပါလန်ပရာချာရတ်ပါတီနဲ့ UTN (United Thai Nation) ပါတီတို့ကို ထည့်သွင်းသွားဖို့လိုအပ်သလားလို့ သတင်းထောက်တွေကမေးမြန်းခဲ့တာကို ဖမ်သမ်ဝီချာယာချိုင်းက ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“နိုင်ငံရေးသင်္ချာကတော့ ရှင်းနေပါ တယ်။ ဒါ လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တယ်။ ကစားပွဲက ကျွန်တော်တို့ကို ဒီ လမ်းကြောင်းအတိုင်းပဲသွားဖို့ ဖိအား ပေးနေတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်းလျှောက်ဖို့အတွက် တန်ဖိုး ကြီးကြီးပေးဆပ်ရမယ်ဆိုတာကိုလည်း ဖီယူထိုင်းပါတီက သဘောပေါက်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာက နိုင်ငံရေးလောကက အနားယူတော့မယ်လို့ ကြေညာထားပေမဲ့ UTN ပါတီက ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် ၎င်းအမည်ကိုကြေညာထားသလို ပါလန် ပရာချာရတ်ပါတီကလည်း ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်ဆူဝန်က ဦးဆောင်တဲ့နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်နှစ်ဦးစလုံးဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ထိုင်းနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့အာ ဏာသိမ်းဖြစ်စဉ်တွေမှာ ဦးဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်ပါတယ်။

 

အောက်လွှတ်တော်အမတ် ၅၀၀ နဲ့အတူ ဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ကို အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတာဖြစ်ပါတယ်။

 

မေလ ၁၄ ရက်နေ့ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတုန်းက ဖီယူထိုင်းပါတီက ပရာယွတ်နဲ့ ပရာဝတ်တို့ကို ရည်ညွှန်းပြီး ” ၎င်းတို့အနေနဲ့ ဘိုးတော်ကြီးပါတီနှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်း” ပါတီထောက်ခံ သူတွေကို ပြောခဲ့ပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဖြစ်ဖို့အတွက် အထက်လွှတ်တော်ရော အောက်လွှတ်တော်ကပါ ထောက်ခံမဲ စုစုပေါင်း ၃၇၆ မဲ ထက်မနည်းရရှိဖို့ လိုအပ်ပါတယ်။

 

ပါလန်ပရာချာရတ်ပါတီက ၎င်းတို့ပါတီဝင်တွေအားလုံး ဖီယူထိုင်းပါတီကတင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်း ကိုထောက်ခံမဲပေးသွားမယ်လို့ ကြာသပတေးနေ့က ပြောဆိုခဲ့တဲ့အတွက် ပါလန်ပရာချာရတ်ပါတီအမတ် ပိုင်လီ ကီကို ဖမ်သမ်က သောကြာနေ့က ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

“တည်ငြိမ်တဲ့အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့အတွက် ထောက်ခံခဲ့တဲ့သူတိုင်းကို ကျေးဇူးတင် ကျေနပ်မိပါတယ်။ ကျွန် တော်တို့ ပြန်လည်သင့်မြတ်ဖို့လိုအပ်သလို ပြည်သူ့အကျိုးစီးပွားကို ရှေးရှှုဖို့လည်း လိုအပ်ပါတယ်။” လို့ ဖမ်သမ် ဝီချာယာချိုင်းက ပြောပါတယ်။

 

Ref: Pheu Thai says it must include Prayut and Prawit’s parties in govt coalition

 

#PeopleMedia


Share this post