အာဖဂန်ဒုက္ခသည် ၅၀,၀၀၀ အထိလက်ခံနိုင်ရန် အမေရိကန်ပြင်ဆင်ထား

PUBLISHED - September 4, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၄ (People Media)
အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်စခန်းရှစ်ခုဖွင့်လှစ်၍ အာဖဂန်နစ္စတန်မှဒုက္ခသည်များကို လက်ခံလျက် ရှိပြီး လူဦးရေ ၅၀,၀၀၀ အထိ လက်ခံထားရှိနိုင်ကြောင်း အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အကြီးအကဲက စက်တင်ဘာ ၃ ရက်နေ့ကပြောကြားလိုက်သည်။
လက်ရှိအချိန်အထိ အာဖဂန်ဒုက္ခသည်လူဦးရေ ၂၅,၆၀၀ အမေရိကန်နိုင်ငံတွင်းသို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ရောက်ရှိလာသူများမှာ လဝကအထူးဗီဇာလျှောက်လွှာများနှင့်ရောက်ရှိလာသူများရှိသလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည့်လျှောက်လွှာများနှင့် ရောက်ရှိလာသူများလည်းရှိကြောင်း၊ ၎င်းတို့အနက် အများစုမှာ အမေ ရိကန်နိုင်ငံသို့မရောက်မီ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများတွင် ကနဦးလုံခြုံရေးစစ်ဆေးမှုများခံယူထားပြီး သူများဖြစ်ကြောင်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး ဂလန်းဗန်းဟတ်ခ်ကပြောသည်။
အာဖဂန်ဒုက္ခသည် ခန့်မှန်းဦရေ ၁,၀၀၀ ခန့် အခြေစိုက်စခန်းများမှ အမေရိကန်ပြည်နယ်များသို့ အခြေချနေထိုင် ရန်ထွက်ခွာသွားကြပြီဖြစ်ကြောင်း ၎င်းကပြောသော်လည်း အခြေစိုက်စခန်းများမှ သက်ဆိုင်ရာပြည်နယ်များသို့ ထွက်ခွာရန် အချိန်မည်မျှကြာမည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအတွက် အိမ်ရာ၊ အစားအသောက်၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများကို အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မည်သည့်အချိန် အထိ ဆက်လက်ထောက်ပံ့သွားမည်ကို တိတိကျကျပြောကြားခဲ့ခြင်းမရှိပေ။
လူတိုင်းအလွယ်တကူဆက်သွယ်နိုင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အာဖဂန်လူမျိုးများဦးဆောင်ကြီးကြပ်နေ သည့် ယာယီတပ်စခန်းများကို ဖွင့်လှစ်ထားရှိကြောင်း ဗိုလ်ချုပ်ကြီး ဂလန်းဗန်းဟတ်ခ်ကပြောသည်။ “အတော် အဆင်ပြေတယ်ဗျ။ ဘာ့ကြောင့်လဲဆိုတော့ ဒီစခန်းတွေဖွင့်လှစ်ထားတာဟာ အာဖဂန်လူမျိုးတွေ အကူအညီလို အပ်တဲ့နေရာမှာ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ စိန်ခေါ်ချက်တွေကို ပြောပြနိုင်ရုံမက ကျွန်တော်တို့အနေနဲ့လည်း သူ တို့ကို အလွယ်တကူဆက်သွယ်နိုင်တယ်။” ဟု ၎င်းကပြောသည်။
ယာယီတပ်စခန်းများတွင် လိုအပ်သည်များစစ်ဆေးနေစဉ်အတွင်း မိသားစုများကို အတူတကွထားရှိပြီး အချို့ အုပ်စုများကို ယာယီအကာအရံများ ကာရံထားပေးကြောင်း၊ တစ်ဦးတည်းထွက်လာသူများကိုမူ ကျား/ မ ခွဲ ခြားထားပေးကြောင်း ဗန်းဟတ်ခ်ကပြောသည်။ အုပ်ထိန်းသူမပါသည့်ကလေးအချို့တွေ့ရကြောင်း၊ လောလော ဆယ် ကျန်းမာရေးဌာနတစ်ခုတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ ဝါရှင်တန်ဒီစီမြို့ပြင်ရှိ နိုင်ငံတကာလေ ဆိပ်တွင် ကလေးများကို ၎င်းတို့မိသားစုများနှင့်ပြန်လည်ပေါင်းစည်းပေးနိုင်ရန် အမေရိကန်အရာရှိများအလုပ် လုပ်နေကြောင်း ၎င်းကပြောသည်။
Ref: U.S. bases prepared to process up to 50,000 Afghan evacuees
#PeopleMedia
(unicode)
……………………………………………………………..
Ref: U.S. bases prepared to process up to 50,000 Afghan evacuees