အာဖဂန်နစ္စတန်တွင် အယ်ကိုင်ဒါနှင့် အိုင်အက်စ်အဖွဲ့များကို နေထိုင်ခွင့်မပြုရန် တာလီဘန်များကို အမေရိကန် တောင်းဆို
PUBLISHED - December 2, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)
အာဖဂန်နစ္စတန်နိုင်ငံတွင်း အယ်ကိုင်ဒါအဖွဲ့နှင့် အိုင်အက်စ်အဖွဲ့တို့ ဆက်လက်တည်ရှိနေခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကျင်းပသည့် တာလီဘန်ကိုယ်စားလှယ်များနှင့် အဆင့်မြင့် အ စည်းအဝေးတွင် အမေရိကန်အရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။
အခြားနိုင်ငံများကို အာဖဂန်နစ္စတန်မြေပေါ်တွင်ခြေကုပ်ယူ၍ ခြိမ်းခြောက်ရန် မည်သည့်အဖွဲ့အစည်းကိုမှ ခွင့်မပြု ရန် လူသိရှင်ကြားထုတ်ဖော်ကြေညာထားသည့် တာလီဘန်တို့၏ ကတိကဝတ်များဖြည့်ဆည်းမှုအရေးကြီးပုံကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အလေးပေးထောက်ပြပြောဆိုခဲ့သည်။
အပြန်အလှန်အားဖြင့် တာလီဘန်အဖွဲ့ကလည်း အာဖဂန်နစ္စတန်မြေပေါ်တွင်အခြေချပြီး အခြားနိုင်ငံများကို ခြိမ်း ခြောက်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ အာဖဂန်နစ္စတန်ပိုင်နက်ကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိ ပြုခဲ့မှုကို ထပ်လောင်းပြောကြားလိုက်ကြောင်း ဒီဇင်ဘာ ၁ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စွပ်စွဲပြောဆိုချက်များကို ကိုင်တွယ်ဆောင်ရွက်နေစဉ်အတွင်း အားလုံးပါဝင်ကိုယ်စားပြုသောအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သည်များ ရှေ့ဆက်ဆောင်ရွက်ရန် တာလီဘန်ခေါင်းဆောင်များအား အမေရိကန်အရာရှိများကတိုက်တွန်းလိုက်သည်။
အာဖဂန်လူမျိုးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် တာလီဘန်များ၏ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကို စွဲကိုင်အကောင်အထည်ဖော်သွားရန် တာလီဘန်များအား အမေရိကန်အရာရှိများက နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကျင်းပခဲ့သည့်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
အစည်းအဝေး၌ အမျိုးသားအကျိုးစီးပွားအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန် ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ USAID အဖွဲ့နှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ကိုယ်စား လှယ်များအပါအဝင် ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ကို အာဖဂန်နစ္စတန်ဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် သောမတ်ဝက်စ်က ဦးဆောင်ခဲ့သည်။
အမေရိကန်အစိုးရက ကတိကဝတ်ပြုထားသည့် အမေရိကန်နိုင်ငံသားများနှင့် အာဖဂန်နိုင်ငံသားများ ဘေးကင်း လုံခြုံရာသို့ရွှေ့ပြောင်းနိုင်ရေး၊ အမျိုးသမီးများ၊ မိန်းကလေးများ၊ လူနည်းစုတိုင်းရင်းသားများအပါအဝင် အာဖဂန် နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အမေရိကန်ရေတပ်စစ်ပြန် ဓားစာခံ မတ်က်ဖရီးရစ်ချ်ကို ဘေးကင်းလုံခြုံစွာပြန်လည်လွှတ်ပေးရေးတို့ကို တာလီဘန်များအား တောင်းဆိုခဲ့သည်။
Ref: US asks Taliban not to allow al-Qaeda, IS in Afghanistan
#PeopleMedia
(unicode)
…………………………………………………………
Ref: US asks Taliban not to allow al-Qaeda, IS in Afghanistan
#PeopleMedia