အာဖဂန်မှ အမေရိကန်တပ်များဆုတ်ခွာမှု တိုနီဘလဲ ပြင်းပြင်းထန်ထန်ဝေဖန်

PUBLISHED - August 23, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)
၉/၁၁ တိုက်ခိုက်မှုအပြီး လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က အာဖဂန်နစ္စတန်သို့ ဗြိတိန်တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲက အာဖဂန်နစ္စတန်မှအမေရိကန်တပ်များဆုတ်ခွာသည့်ဆုံးဖြတ်ချက်သည် ဂျီဟတ်ဝါဒီအုပ်စုတိုင်းကို ပျော်ရွှင်ဝမ်းမြောက်စေသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောဆိုလိုက်သည်။
“အာဖဂန်နစ္စတန်နဲ့ အာဖဂန်ပြည်သူတွေကို စွန့်လွှတ်ခဲ့တာဟာ ဝမ်းနည်းစရာကောင်းသလို အန္တရာယ်လည်းရှိ ပါတယ်။ ပြီးတော့ အဲဒီလိုလုပ်ဖို့ လိုလည်းမလိုအပ်ပါဘူး။ ဒီလိုလုပ်တာဟာ သူတို့အကျိုးစီးပွားအတွက်ရော ကျွန်တော်တို့အကျိုးစီးပွားအတွက်ရော ဘာတစ်ခုမှမကောင်းပါဘူး။ အဂ္ဂမဟာဗျူဟာအရရော နိုင်ငံရေးအရ ရော ဘယ်နည်းလမ်းကမှ အာဖဂန်နစ္စတန်က ဒီလိုနည်းလမ်းနဲ့ ပြန်လည်ဆုတ်ခွာဖို့ အားမပေးဘူးဆိုတာ သိ သာထင်ရှားလွန်းတာမို့ အခုအချိန်မှာ အနောက်အုပ်စုဘယ်ဘက်ကရပ်တည်တယ်ဆိုတာ ကမ္ဘာကြီးအနေနဲ့ သံသယတွေပွားခဲ့ရပါပြီ။” ဟု ၁၉၉၇-၂၀၀၇ ခုနှစ်ကာလများက ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဘလဲကပြောသည်။
အီရတ်နိုင်ငံအား အမေရိကန်ကျူးကျော်ဝင်ရောက်ခြင်းသည် တရားမျှတပါသည်ဟုပြောဆိုခဲ့ပြီး အီရတ်နိုင်ငံ တွင် စွပ်စွဲခံထားရသည့် ဖျက်အားပြင်းလက်နက်ကြီးများမတွေ့ရှိခဲ့ရသည့် အကြောင်းနှင့်ပတ်သက်၍ ဂုဏ် သိက္ခာပိုမိုထိခိုက်ခဲ့သော ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲက အာဖဂန်နစ္စတနိုင်ငံတွင် တစ်ယောက်မကျန်ကယ် ထုတ်ပြီးသည်အထိ ဆက်လက်နေထိုင်ရန် ဗြိတိန်တွင်တာဝန်ရှိကြောင်း ပြောသည်။
“ကျွန်တော်တို့ တာဝန်ယူရမယ့်ပြည်သူတွေ၊ ကျွန်တော်တို့ကို ကူညီခဲ့တဲ့၊ ကျွန်တော်တို့နဲ့အတူ ရပ်တည်ခဲ့တဲ့ အာဖဂန်လူမျိုးတွေကို ဘေးကင်းလုံခြုံရာကိုရွှေ့ပြောင်းပေးပြီး ခိုလှုံခွင့်ပြုဖို့ ကျွန်တော်တို့ဆောင်ရွက်ပေးရပါ မယ်။ ကျွန်တော်တို့ သူတို့နဲ့အတူရပ်တည်ဖို့ တောင်းဆိုခွင့်ရှိပါတယ်။” ဟု ဘလဲကပြောသည်။
အခြားနိုင်ငံများလိုပင် ဗြိတိန်နိုင်ငံသည်လည်း ၎င်းနိုင်ငံသားများကိုရော အာဖဂန်မဟာမိတ်များကိုပါ ဘေးကင်း ရာသို့ပို့ဆောင်ရန်ကြိုးစားနေသော်လည်း အမေရိကန်အစိုးရ၏ သြဂုတ်လ ၃၁ ရက်နောက်ဆုံးထားဆုတ်ခွာရန် အမိန့်ကြောင့် အချိန်လုဆောင်ရွက်နေရသည်။
ဗြိတိန်နိုင်ငံသား ၄,၀၀၀ အပြင် ဘာသာပြန်များ၊ ဒရိုင်ဘာများကဲ့သို့ အာဖဂန်လူမျိုး ၅,၀၀၀ ဝန်းကျင်ကို လေ ယာဉ်ဖြင့်ကယ်ထုတ်နိုင်ရန်စီစဉ်ထားရာ ယနေ့အချိန်အထိ လူဦးရေ ၄,၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးပြီး သွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ကထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အစိုးရအား တစ်ဖက်သတ်ထောက်ခံခြင်းမရှိစေရေး တိကျသေချာအောင် ဆောင်ရွက်သွားရန် ဗြိတိန်ကွန်ဆာဗေးတစ်အစိုးရက သံတမန်နည်းလမ်းများဖြင့်ဆောင်ရွက်လျက်ရှိသည်။
Ref: ”Imbecilic”: Ex-UK leader Tony Blair slams Afghanistan withdrawal
#PeopleMedia
(unicode)
………………………………………………………….
Ref: ”Imbecilic”: Ex-UK leader Tony Blair slams Afghanistan withdrawal
#PeopleMedia