• Follow Us on
Latest News

Home အာဖဂန်နစ္စတန်က နောက်ဆုံးဆုတ်ခွာခဲ့တဲ့ အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးကို အထက်လွှတ်တော်ရာထူး တိုးမြှင့်ပေး

အာဖဂန်နစ္စတန်က နောက်ဆုံးဆုတ်ခွာခဲ့တဲ့ အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးကို အထက်လွှတ်တော်ရာထူး တိုးမြှင့်ပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

 

အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကဆုတ်ခွာစဉ်မှာ ဦးဆောင်ခဲ့တဲ့အကြီးအကဲဖြစ်သူ ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီးခရစ္စတိုဖာဒေါ်နက်ဟျူကို ရီပတ်ဘလီကန်အမတ်တစ်ဦးက ကဖျက်ယဖျက်လုပ်ခဲ့ပေမဲ့ အမေရိကန်အထက်လွှတ် တော်က ဒီဇင်ဘာ ၂ ရက်နေ့က ရာထူးတိုးမြှင့်ပေးလိုက်ပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး ဒေါ်နက်ဟျူကို ကြည်လေးပွင့်ဗိုလ်ချုပ်ကြီးအဖြစ် အဆင့်တိုးမြှင့်ပေးပြီး ဥရောပဒေသ အမေရိကန် ကြည်းတပ်ရဲ့အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြုမယ့်ကိစ္စကို ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်မတ် ဝိန်းမူလင်က နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့တာဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က ပြန်လည်ဆုတ်ခွာလာတာကို ဒေါ်နယ်ထရမ့်နဲ့ မဟာမိတ်တွေ က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

အာဖဂန်နစ္စတန်ကို ကပ်ဘေးဆိုက်အောင်လုပ်ခဲ့တဲ့ ထိပ်တန်းအရာရှိအားလုံးကို နုတ်ထွက်ခိုင်းသွားမှာ ဖြစ်ကြောင်း မဲဆွယ်ပွဲကာလ သြဂုတ်လအတွင်းက ထရမ့်က ပြောပါတယ်။ ဒေါ်နက်ဟျူရဲ့ ရာထူးတိုးမြှင့်မှုကို တနင်္လာနေ့မှာ အထက်လွှတ်တော်အမတ်အားလုံးက တညီတညွတ်တည်းထောက်ခံခဲ့တာဖြစ်ပါတယ်။

 

ဒေါ်နက်ဟျူဟာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က ပြန်လည်ဆုတ်ခွာလာစဉ် အမှတ် ၈၂ လေကြောင်းချီတပ်မ ကို အုပ်ချုပ်ကွပ်ကဲခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အာဖဂန်နစ္စတန်က နောက်ဆုံးဆုတ်ခွာခဲ့တဲ့ အမေရိကန်စစ်သားဖြစ်ပါတယ်။

 

ရိုင်ဖယ်သေနတ်ကိုင်ပြီး အာဖဂန်နစ္စတန်က နောက်ဆုံးထွက်ခွာမယ့် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ် ကို နောက်ဆုံးတက်ရောက်ခဲ့တဲ့ ဒေါ်နက်ဟျူရဲ့ပုံရိပ်ဟာ အာဖဂန်နစ္စတန်က ဖရိုဖရဲဆုတ်ခွာခဲ့ရမှုနဲ့ အနက်တူ အဓိပ္ပါယ် ဆောင်တယ်ဆိုပေမဲ့ ၎င်းကို အမေရိကန်တပ်မတော်မှာ အရည်အသွေးအပြည့်ဝဆုံး ကြည်းတပ် ခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။

 

အမေရိကန်အထက်လွှတ်တော်ဥပဒေစည်းမျဉ်းတွေအရ အထက်လွှတ်တော်အမတ် ၉၉ ယောက်က အခုလိုကိစ္စကို အလျင်အမြန် ဆုံးဖြတ်ချင်ရင်တောင်မှ လွှတ်တော်အမတ်တစ်ယောက်က ကြန့်ကြာအောင် အချိန်ဆွဲထားနိုင်ပါတယ်။

 

Ref: US Senate Approves Promotion of General Involved in Afghanistan Withdrawal

 

#PeopleMedia


Share this post