အာဖဂန်မှာကျန်ခဲ့တဲ့ အမေရိကန်လက်နက်တွေ ပါကစ္စတန်တာလီဘန်တွေလက်ထဲကို ရောက်ရှိလာကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော

PUBLISHED - September 5, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၅
အာဖဂန်နစ္စတန်ကဆုတ်ခွာစဉ် အမေရိကန်တွေထားခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ စစ်သွေးကြွတွေလက် ထဲမှာကျန်ခဲ့ပြီး အဲဒီလက်နက်တွေဟာ နောက်ဆုံးပါကစ္စတန်တာလီဘန်တွေလက်ထဲကို ရောက်ရှိလာကြောင်း ပါကစ္စတန်အိမ်စောင့်အစိုးရဝန်ကြီးချုပ်က တနင်္လာနေ့ (စက်တင်ဘာလ ၄ ရက်နေ့)က ပြောကြားလိုက်ပါတယ်။
အဲဒီလိုကျန်ခဲ့တဲ့စစ်လက်နက်ပစ္စည်းတွေထဲမှာ ညကြည့်မှန်ပြောင်းတွေကအစ လက်နက်အမျိုးမျိုးအထိပါဝင်ပြီး ပါကစ္စတန်တာလီဘန်တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးတဲ့အတွက် ပါကစ္စတန်အစိုးရအနေနဲ့ စိန် ခေါ်မှုအသစ်ကို ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် အန္နဝါအူလ်ဟတ်ကာကာက ပြောပါတယ်။
တီဟရစ်-အီး-တာလီဘန်ပါကစ္စတန် TTP လို့ လူသိများတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ ပြီးခဲ့ဲတဲ့လတွေအ တွင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေကို အရှိန်မြှင့်တိုက်ခိုက်လာခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ သီးခြားအဖွဲ့တစ်ဖွဲ့ဖြစ်ပေမဲ့ အာဖဂန်နစ္စတန်တာလီဘန်အဖွဲ့နဲ့ မဟာမိတ်ဖြစ်ပါတယ်။
တာလီဘန်တွေဟာ ၂၀၂၁ ခုနှစ်သြဂုတ်လလယ်ပိုင်းလောက်မှာ အာဖဂန်နစ္စတန်ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့မဟာမိတ်ညွန့်ပေါင်းအဖွဲ့ဟာ အနှစ် ၂၀ စစ်ပွဲအပြီးမှာ အာဖဂန်နစ္စတန်က ဖရိုဖရဲဆုတ် ခွာခဲ့ကြရပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်လက်နက်ခဲယမ်းတွေ ဘယ်လောက်ကျန်ခဲ့သလဲဆိုတာ အတိအကျမသိရပေမဲ့ တာလီဘန်တွေကတော့ အမေရိကန်တွေထောက်ပံ့ထားတဲ့ လက်နက်၊ ခဲယမ်း၊ ရဟတ်ယာဉ်တွေနဲ့ တခြားစစ် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ဂျာနယ်လစ်တွေကိုရွေးချယ်ခေါ်ယူပြီး တနင်္လာနေ့က ပါကစ္စတန်ဝန်ကြီးချုပ်ရုံးမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်း လင်းပွဲမှာတော့ ဝန်ကြီးချုပ်ကာကာက အာဖဂန်တာလီဘန်နဲ့ ပါကစ္စတန် TTP အဖွဲ့တို့ တိုက်ရိုက်ဆက်သွယ်မှု အထောက်အထားတစ်စုံတရာကို ပြသခဲ့ခြင်းမရှိပါဘူး။
စစ်လက်နက်ပစ္စည်းတွေကျန်ခဲ့လို့ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် “ပေါင်းစပ်ညှိနှိုင်း ထားတဲ့နည်းလမ်းတစ်ရပ်” ကို အသုံးပြုဖို့ လိုအပ်ကြောင်း ကာကာက ပြောပါတယ်။
ဝန်ကြီးချုပ်ကာကာက အာဖဂန်တာလီဘန်တွေကို ဝေဖန်ခြင်းမပြုဘဲ ပါကစ္စတန်အစိုးရအနေနဲ့ နိုင်ငံတကာအ သိုင်းအဝိုင်းနဲ့ အာဖဂန်အစိုးရကြားမှာ ကြားခံဆက်သွယ်ပေးတဲ့အစိုးရအဖြစ် ကြိုးစားဆောင်ရွက်နေတာဖြစ် ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ပါကစ္စတန်တာလီလန်ဖြစ်တဲ့ TTP အဖွဲ့ဟာ အာဖဂန်တာလီဘန်တွေထံက လက်နက်ခဲယမ်းတွေကို ဝယ်ယူခဲ့တာပဲဖြစ်စေ မဟာမိတ်အဖွဲ့အနေနဲ့ ၎င်းတို့ကို ပေးခဲ့တာပဲဖစ်စေ ဖြစ်နိုင်ကြောင်း အစ္စလာမ်မာဘတ်က အရာရှိနှစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။
ပါကစ္စတန်တာလီဘန်တွေဟာ ၎င်းတို့လက်ထဲမှာ လေဆာချိန်ခွက်တွေ၊ အပူလှိုင်းရှာကိရိယာပါချိန်ခွက်တွေပါ ဝင်တဲ့လက်နက်တွေပိုင်ဆိုင်ထားကြောင်းပြောဆိုရင်း မကြာသေးခင်ကပဲ ထုတ်ပြန်ကြေညာခဲ့သလို ဗီဒီယိုဖိုင် တွေကိုလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။
ပါကစ္စတန်တာလီဘန် TTP အဖွဲ့က တိုက်ခိုက်ရေးသမားတွေဟာ အရင်တုန်းက ၎င်းတို့ထံမှာ AK-47 ချေမှုန်း ရေးမောင်းပြန်ရိုင်ဖယ်တွေသာရှိပေမဲ့လည်း လက်ရှိအချိန်မှာ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကို အဝေးကနေ တိုက် ခိုက်နေကြောင်း ပါကစ္စတန်အရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့အိုးအိမ်တွေ၊ ကလေးသူငယ်တွေ၊ ဗလီတွေနဲ့ ကိုးကွယ် ဝတ်ပြုရာနေရာတွေကို ကာကွယ်ဖို့အတွက် စစ်သွေးကြွတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဝန် ကြီးချုပ်ကာကာက ပြောပါတယ်။
ပြီးခဲ့တဲ့လက ကျမ်းကသစ္စာကျိန်ဆိုခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ဝန်ကြီးချုပ်ကာကာဟာ အိမ်စောင့်အစိုးရကို ဦးဆောင်နေတဲ့ ပါကစ္စတန်နိုင်ငံရဲ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲမပြီးမချင်း ပါကစ္စတန်နိုင် ငံကို ဝန်ကြီးချုပ်ကာကာဦးဆောင်တဲ့ အိမ်စောင့်အစိုးရက အုပ်ချုပ်သွားမှာဖြစ်ပါတယ်။
Ref: Pakistani premier claims US military equipment left behind in Afghanistan is now in militant hands
#PeopleMedia