• Follow Us on
Latest News

Home အားကစားအဆင့်အတန်းမြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်က အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

အားကစားအဆင့်အတန်းမြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်က အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက် ဘက်က အားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်း အဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အားကစားအဆင့်အတန်း မြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက် ဘက်က အားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်တာဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေနဲ့ အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံးရဲ့ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် အားကစားနဲ့ပတ်သက်ရင် အားပေးဆောင်ရွက်ရမယ်လို့ လမ်းညွှန်ထားပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ် ပညာတတ်လူငယ်လူရွယ်များ အနာဂတ်နိုင်ငံတော် တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အားကစားပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားများနည်းတူ ခမ်းနား ထည်ဝါစွာ ကျင်းပရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ယခုအစည်းအဝေးကို တက် ရောက်လာကြသည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည့် အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်၊ အသက်ကန့်သတ်ချက်နှင့် အားကစားနည်းစနစ်များကို အသေးစိတ်လေ့လာပြင်ဆင်ဆောင်ရွက်ကြရန်၊ ပြိုင်ပွဲများယှဉ်ပြိုင်သည့်အခါ၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများမှ တာဝန်ရှိသူများကလည်း အားကစားနည်းများအလိုက် စနစ်တကျလေ့ကျင့်ပေးရန်လိုကြောင်း ပြောသည်။

 

အလားတူပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်၊ ဂျူရီများအနေဖြင့် ဘက်လိုက်မှုကင်းကင်းနှင့် တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ကြရန်၊ အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် အငြင်း ပွားဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ခုံသမာဓိအဖွဲ့များက စနစ်တကျကြီးကြပ် ဆုံးဖြတ်နိုင်ရေး စီမံ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေး ထား လိုက်နာဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြား ခဲ့သည်။

 

#PeopleMedia


Share this post