အားကောင်းလာတဲ့ တရုတ်ယှဉ်ပြိုင်မှုကြောင့် ဟွန်ဒါကုမ္ပဏီ ထိုင်းနိုင်ငံထဲက ကားထုတ်လုပ်မှု ၅၀% အထိ လျှော့ချမည်
PUBLISHED - July 13, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၃
တရုတ်ကားကုမ္ပဏီတွေရဲ့ ပြင်းထန်လှတဲ့ယှဉ်ပြိုင်မှုတွေကြောင့် ဂျပန် ဟွန်ဒါကားကုမ္ပဏီ ဟာ ထိုင်းနိုင်ငံထဲမှာ ကားထုတ်လုပ်မှုကို ၅၀% အထိ လျှောချတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဟွန်ဒါကုမ္ပဏီဟာ ထိုင်းနိုင်ငံထဲမှာ ကားတပ်ဆင်ရေးစက်ရုံ နှစ်ခုတည်ဆောက်ထားပါတယ်။
အယုဒ္ဓယကားစက်ရုံဟာ လာမယ့်နှစ်အကုန်လောက်မှာ အော်တိုကားထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တော့မှာဖြစ်ပြီး အော်တိုကားအစိတ်အပိုင်းတွေ ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ကြောင်း NHK World Japan သတင်းဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
အခုလိုဆောင်ရွက်မှုကြောင့် ထိုင်းနိုင်ငံတွင်းက ဟွန်ဒါကားကုမ္ပဏီရဲ့ထုတ်လုပ်မှုဟာ တစ်နှစ်ကို ကားအစီးရေ ၂၇၀,၀၀၀ ရှိရာကနေ ၁၂၀,၀၀၀ အထိ လျော့ကျသွားမှာဖြစ်ပါတယ်။
ဟွန်ဒါကားအရောင်းပြန်လည်မြင့်တက်လာမယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိတွေကလည်း မျှော်လင့်မထား ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
လျှပ်စစ်ကားကို အဓိကတပ်ဆင်တဲ့ ပရာချင်ဘူရီပြည်နယ်က ဟွန်ဒါစက်ရုံကတော့ နောက်နှစ်ကုန်ပြီးနောက် ပိုင်းမှာလည်း လျှပ်စစ်ကားတွေကို ဆက်လက်တပ်ဆင်သွားမှာဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင်အခြေစိုက်ခဲ့တဲ့ ဟွန်ဒါကားကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှာ မော်တော်ကားအစီး ရေ ၂၇၀,၀၀၀ ကျော်အထိ အမြင့်ဆုံးထုတ်လုပ်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်က အစီးရေ ၁၄၀,၀၀၀ အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဂျပန်ကားကုမ္ပဏီတွေဟာ ဈေးကွက်ဝေစု ၈၀% နီးပါးရရှိထားပေမဲ့ BYD လို တရုတ်လျှပ်စစ်ကား ကုမ္ပဏီတွေက တဖြည်းဖြည်း ဈေးကွက်အစိတ်အပိုင်းတွေကို ဝင်ရောက်သိမ်းပိုက်လာပါတယ်။
ဂျပန် ဆူဇူကီးကားကုမ္ပဏီက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထိုင်းနိုင်ငံထဲက ၎င်းတို့ကားထုတ်လုပ်ရေး လုပ်ငန်းခွဲကို ရပ်ဆိုင်းလိုက်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆူဘာရူကားကုမ္ပဏီကလည်း ထိုင်းနိုင်ငံထဲက ကားထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
Ref: Honda Thailand to halve auto production amid China competition
#PeopleMedia