အားကောင်းသောမုန်တိုင်းငယ်သည် စစ်တွေ၏ အနောက်-အနောက်တောင်ဘက်ရေမိုင် ၃၈၀ မိုင်နှင့် ကျောက်ဖြူ၏ အနောက်ဘက်ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း မိုးဇလထုတ်ပြန်
PUBLISHED - September 9, 2024
နေပြည်တော်၊ စက်တင်ဘာ ၉
အားကောင်းသော မုန်တိုင်းငယ်သည် စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu) ၏ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် နံနက် ၅နာရီ ၃၀အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့(Paradip)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ချန်ဘလီ မြို့(Chandbali)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်- အနောက် တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေကြောင်း ထုတ်ပြန်ထားသည်။
ထူးခြားသည့်အခြေအနေဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ် ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ လာအိုနိုင်ငံ မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင် သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ညနေအထိခန့်မှန်းချက်များအရ ကယားပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#PeopleMedia