• Follow Us on

Home အိန္ဒိယကို ထွက်မပြေးခင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာဆီနာ ရာထူးက နုတ်ထွက်ခဲ့ခြင်းမရှိဘူးလို့ သားဖြစ်သူပြော

အိန္ဒိယကို ထွက်မပြေးခင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာဆီနာ ရာထူးက နုတ်ထွက်ခဲ့ခြင်းမရှိဘူးလို့ သားဖြစ်သူပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ သမ္မတအိမ်တော်ကို ချီတက်လာစဉ်မှာ အခုသီတင်းပတ်အတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံကနေ အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာဟာ ရာထူးကနေ နုတ်ထွက်သွား ခြင်းမရှိဘူးလို့ ၎င်းရဲ့သားဖြစ်သူ အကြံပေးအရာရှိက ရိုက်တာသတင်းဌာနကို စနေနေ့ (သြဂုတ်လ ၁၀ ရက် နေ့) အစောပိုင်းက ပြောပါတယ်။

 

လူဦးရေ သန်း ၁၇၀ ရှိတဲ့နိုင်ငံမှာ ၁၅ နှစ်ကြာအုပ်ချုပ်မှု အဆုံးသတ်သွားပြီး ကျောင်းသားအများပါဝင်တဲ့ ပြည် သူ ၃၀၀ ဝန်းကျင်သေဆုံးသွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးကတည်းက ဟာဆီနာဟာ နယူးဒေလီမှာ ခို လှုံနေခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော့် အမေဟာ ဘယ်တုန်းကမှ တရားဝင်နုတ်ထွက်ခဲ့တာမဟုတ်ပါဘူး။ သူက (အဲဒီလိုလုပ်ဖို့) အချိန် လည်းမရှိပါဘူး။” လို့ ဟာဆီနာရဲ့သား ဆာဂျပ်ဘ်ဝါဇက်ဒ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

“အမေက ကြေညာချက်ထုတ်ပြီး နုတ်ထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဆန္ဒပြသူတွေက ဝန်ကြီး ချုပ်အိမ်ကို စတင်ချီတက်လာပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ အချိန်မရှိတော့ပါဘူး။ ကျွန်တော့်အမေဟာ အထုပ် အပိုးတွေတောင် ကောင်းကောင်းမပြင်နိုင်တော့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်မြဲနေသေးသရွေ့ ကျွန်တော့် အမေဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဖြစ်နေပါသေးတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သမ္မတဟာ စစ်ခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လွှတ်တော်ကို ဖျက်သိမ်း ပစ် လိုက်ပေမဲ့ ဝန်ကြီးချုပ်ရဲ့ တရားဝင်နုတ်ထွက်လွှာမရှိဘဲ အိမ်စောင့်အစိုးရတစ်ရပ်ဖွဲ့စည်းတာဟာ ဥပဒေအရ စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

သုံးလအတွင်းပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဟာဆီနာရဲ့ အဝါမီအဖွဲ့ချုပ်ပါတီဟာ ဝင်ရောက်ယှဉ် ပြိုင် မှာဖြစ်ကြောင်းလည်း ဝါဇက်ဒ်က ပြောပါတယ်။

 

“အဝါမီအဖွဲ့ချုပ် အာဏာရလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တကယ်လို့ အာဏာမရခဲ့ရင်လည်း ကျွန်တော်တို့ဟာ အတိုက်အခံပါတီဖြစ်သွားမှာပါ။ ဘယ်နည်းပဲဖြစ်ဖြစ် ကောင်းပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ဟာဆီနာထွက်ပြေးသွားပြီးနောက် “ဘာလက်စားချေမှုမှ မရှိသင့်ဘူး။” လို့ ပြောဆိုခဲ့တဲ့ ဟာဆီနာရဲ့ ရန်သူ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) ခေါင်းဆောင် ခါလီဒါဇီယာရဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကြောင့် ၎င်းအနေနဲ့ အားတက်မိကြောင်း ဝါဇက်ဒ်က ပြောပါတယ်။

 

“ပြီးခဲ့တာတွေ ပြီးပါစေ ဆိုတဲ့ မစ္စခါလီဒါဇီယာရဲ့ ထုတ်ပြန်ချက်ကို ကြားရတာ ကျွန်တော်အရမ်းပျော်ပါတယ်။ အတိတ်ကိုမေ့ထားလိုက်ကြပါစို့။ လက်စားချေ နိုင်ငံရေးကို မလုပ်ဘဲနေကြရအောင်။ ကျွန်တော်တို့ အတူတကွ ပေါင်းစည်းအလုပ်လုပ်ရပါမယ်။” လို့ ၎င်းက ပြောပါတယ်။

 

၎င်းအနေနဲ့ ဘင်္ဂလာေးဒ့ရှ်ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းပြီး ရှေ့ခရီးဆက်ဖို့ အတွက် BNP ပါတီနဲ့ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ဝါဇက်ဒ်က ပြောပါတယ်။

 

“နိုင်ငံရေးနဲ့ စေ့စပ်ညှိနှိုင်းမှုဟာ အလွန်အရေးကြီးတယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ သဘောထားကွဲလွဲ ငြင်းခုန်နိုင်ပါတယ်။ သဘောမတူတာကိုလည်း နားလည်ခွင့်ပြုနိုင်ရမှာဖြစ်ပါတယ်။ ပြီးတော့ အပေးအယူ အလျှော့အတင်းလုပ်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲတမ်း ကြိုးပမ်းနိုင်ရမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ တောင်းဆိုထားတဲ့အတိုင်း ၎င်းရဲ့အမေဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး တရားရင်ဆိုင်ဖို့ အသင့်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

“ဖမ်းဆီးခံရမယ့် ခြိမ်းခြောက်မှုကို အမေ အရင်က မကြောက်ပါဘူး။ အမေ ဘာအမှားမှ မလုပ်ခဲ့ဘူး။ အမေ့ အစိုးရအဖွဲ့ဲထဲက လူတွေ ဥပဒေနဲ့မညီတဲ့အလုပ်တွေ လုပ်ရုံနဲ့ အဲဒီအလုပ်တွေလုပ်ဖို့ ကျွန်တော့်အမေက အ အမိန့်ပေးခဲ့တယ်လို့ မှတ်ယူလို့မရဘူးလေ။ ဒီအတွက် ကျွန်တော့်အမေမှာ တာဝန်ရှိတယ်လို့ ပြောလို့မရပါ ဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဆန္ဒပြပွဲအတွင်း ပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ၎င်းက ပြောကြားခြင်း မရှိပါဘူး။

 

“အစိုးရအဖွဲ့က အကြီးကြီး.. တကယ့်အကြီးကြီးပါ။ တာဝန်ရှိတဲ့သူတွေကို ဥပဒေအရ အရေးယူသင့်ပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းဖို့ ကျွန်တော့်အမေ လုံးဝ အမိန့်မပေးခဲ့ပါဘူး။ ရဲတပ်ဖွဲ့ကတော့ အကြမ်း ဖက်မှုတွေ တားဆီးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရဲအရာရှိတချို့ဟာ အင်အားအလွန်အကျွံသုံးစွဲခဲ့တာ တွေရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ စကားပြောခဲ့ကြတယ်။ အမေံကိုလည်း ကျွန်တော်ပြောခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ မလုပ်တော့ဖို့ ကျောင်းသားတွေကို ပြောဖို့လိုတယ်လို့ အမေ့ကို ကျွန်တော်ပြောခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျောင်းသားတွေကို ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိတွေကို ကျွန်တော်တို့ အရေးယူပြီး ရာထူးကချခဲ့ပါတယ်။ ကျွန် တော်တို့ တတ်နိုင်သမျှ အားလုံး ဆောင်ရွက်ခဲ့တယ်။” လို့ ၎င်းက ပြောပါတယ်။

 

၎င်းအနေနဲ့ ဘာပြစ်မှုမှ ကျူးလွန်ထားတာမရှိတဲ့အတွက် ပြန်လာချင်တဲ့အချိန် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမှာ ဖြစ်ကြောင်း ဝါဇက်ဒ်က ပြောပါတယ်။

 

Ref: Bangladesh’s Hasina did not resign before fleeing to Delhi, says son and adviser (Reuters)

 

#PeopleMedia


Share this post