အိန္ဒိယနိုင်ငံမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး ၅ ဦး သေဆုံးခဲ့
PUBLISHED - August 2, 2023
နိုင်ငံတကာ၊ သြဂုတ် ၂
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီအနီးက ဂူရူဂရမ်မြို့မှာ တနင်္လာနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခကြောင့် လူငါးဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီဒဏ်ရာရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်တွေက ဟာရီယာနာပြည်နယ် တစ်ခုလုံးကို ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး အင်တာနက် ဝန်ဆောင်မှုကို ဆိုင်းငံ့ထားကာ ထောင်နဲ့ချီတဲ့ လုံခြုံရေးအရံတပ်ဖွဲ့တွေကို ဖြန့် ကျက်ချထားခဲ့ရပါတယ်။
တနင်္လာနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့တစ်ဖွဲ့ရဲ့ ဘာသာရေး စီတန်းလှည့်လည်ပွဲ မှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ရာကနေ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့ကြောင်း Press Trust of India သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
အဆိုပါအကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အခြားနှစ်ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာရကာ ကားဒါဇင်ပေါင်းများစွာ မီးရှို့ခံဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီကနေ ပြန့်ပွားလာတဲ့ ပဋိပက္ခကြောင့် မြို့တော်နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ထဲမှာရှိတဲ့ ဗလီတစ်ခုကို ဟိန္ဒူဘာသာဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး မွတ်ဆလင် ဘာသာရေးဆရာတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူအချို့ကိုဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြဂုတ်လ ၁ ရက်နေ့အထိ ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုသတင်းတွေ ထွက်ပေါ်လာခြင်းမရှိပေမယ့် အာဏာပိုင်တွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် မနူဟာ လာခါတာက အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး “အပြစ်ရှိတဲ့ ဘယ်သူကိုမဆို ဘယ်လိုအကြောင်းနဲ့မှ အလွတ်ပေးမှာမဟုတ်ပါဘူး။ သူတို့အားလုံးကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေဟာ ၁၉၄၇ ခုနှစ်က ဗြိတိန်တို့သွေးခွဲပြီးကတည်းက ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေဟာ အသစ်အဆန်းမဟုတ်ပေမယ့် ဝန်ကြီးချုပ် မိုဒီးလက်ထက်မှာ ပိုဆိုးလာတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
Ref; AP
#PeopleMedia