အိုမန်ပင်လယ်ကွေ့ကသိမ်းဆည်းရရှိထားတဲ့အီရန်လက်နက်တွေ ယူကရိန်းကိုပို့ပေးဖို့ အမေရိကန်စဉ်းစားနေ
PUBLISHED - February 18, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈
အီရန်နိုင်ငံကပံ့ပိုးထားတဲ့ ယီမင်လက်နက်ကိုင်တွေဆီကိုပို့ပေးစဉ် သိမ်းဆည်းရမိထားတဲ့ လက်နက်ငယ်နဲ့ အဲ ဒီလက်နက်ငယ်ကျည်တွေကို ယူကရိန်းကိုပို့ပေးဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ဆိုပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို ကူညီဖို့အတွက် သိမ်းဆည်းမိထားတဲ့ မောင်းပြန်ရိုင် ဖယ် ၅၀၀၀ ကျော်နဲ့ အဲဒီလက်နက်ငယ်ကျည် ၁.၆ သန်းကို ပို့ပေးဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေက ချင့်ချိန်တွက်ချက်နေတယ်လို့ The Wall Street Journal ဂျာနယ်မှာရေးသားထားပါတယ်။
ဒါ့အပြင် မကြာသေးခင်ကာလတွေက အီရန်လက်နက်မှောင်ခိုကုန်ကူးသူတွေဆီက ဖမ်းမိထားတဲ့ တင့်ဖျက်ဒုံး ကျည်တချို့နဲ့ စနက်တံ ၇၀၀၀ ကျော်ကိုလည်း ယူကရိန်းကိုလွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့လက်နက်တွေကို ယူကရိန်းကိုပို့ပေးဖို့ စီစဉ်တာဟာ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးမှာ ပုံမှန်မဟုတ်တဲ့ဆောင်ရွက်မှုလို့ ဆိုပါတယ်။
အီရန်နိုင်ငံက လက်နက်ခဲယမ်းတွေ ယီမင်နိုင်ငံကိုအရောက်အောင် ကာကွယ်တားဆီးတဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အိုမန်ပင်လယ်ကွေ့ထဲမှာ လက်နက်မှောင်ခိုတားဆီးကာကွယ်ရေးစစ်ဆင်ရေးတွေကို ပုံ မှန်ပြုလုပ်လေ့ရှိပါတယ်။
အဲဒီလိုပုံမှန်စစ်ဆင်ရေးပြုလုပ်တာဟာ ၃.၂ သန်း စတုရန်းမိုင်ရှိတဲ့ နိုင်ငံတကာရေပိုင်နက်ထဲမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ဖို့အတွက် နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ပူးပေါင်းပင်လယ်ပြင်တပ်ဖွဲ့ရဲ့ စီမံချက် ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ၇.၆၂ မမ ကျည် ၁ သန်းကျော်နဲ့ ရော့ကက်တွန်းကန်အားပစ္စည်း ၂,၁၀၀ ကီလိုဂရမ် (၄,၆၂၉ ပေါင်) ကို အမေရိကန်တပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒ့ါအပြင် ၁၂.၇ မမ ကျည် ၂၅,၀၀၀ နဲ့ ရော့ကက်စနက်တံ ၇,၀၀၀ ကိုလည်း အမေရိကန်အစိုးရက သိမ်းဆည်း ရရှိခဲ့ပါတယ်။
အဲဒီလိုပထမအကြိမ်သိမ်းဆည်းရမိပြီး တစ်လအကြာမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေက အီရန်ထုတ် မောင်းပြန်ရိုင် ဖယ် ၃,၀၀၀ ကျော်နဲ့ လက်နက်ငယ်ကျည် ၅၇၈,၀၀၀၊ တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ၂၃ လုံးကို သိမ်းဆည်းရရှိခဲ့ ပါ တယ်။
အခုလိုသိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေကို ယူကရိန်းကို လွှဲပြောင်းပေးတာဟာ လော်ဂျစ်စတစ်ရှှုထောင့် ကကြည့်ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း The War Zone သတင်းမီဒီယာဝက်ဆိုက်မှာရေးသားဖော်ပြ ထားပါတယ်။
အနောက်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ အများအပြားထောက်ပံ့နေပေမဲ့လည်း ယူကရိန်းစစ်တပ်ဟာ ဆိုဗီယက်ခေတ်ထုတ်လက်နက်တွေကို အလွန်အကျွံမှီခိုနေရဆဲဖြစ်ပါတယ်။
အိုမန်ပင်လယ်ကွေ့မှာ သိမ်းဆည်းရမိခဲ့တဲ့ အီရန်နိုင်ငံထုတ်လက်နက်တွေဟာ ယူကရိန်းစစ်တပ်မှာအသုံးပြုနေ ဆဲဖြစ်တဲ့လက်နက်တွေနဲ့ ပုံစံတူလက်နက်တွေပဲဖြစ်လို့ လွှဲပြောင်းပေးလိုက်တာနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေချက် ချင်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
Ref: US Considering Sending Seized Iranian Weapons to Ukraine
#Peoplemedia
(unicode)
………………………………………………
Ref: US Considering Sending Seized Iranian Weapons to Ukraine
#PeopleMedia