• Follow Us on
Latest News

Home အီရတ်နဲ့ ဆီးရီးယား မြောက်ပိုင်းရှိ ကာဒစ်စတန်ပစ်မှတ်တွေကို တူရကီက လေကြောင်းကတိုက်ခိုက်

အီရတ်နဲ့ ဆီးရီးယား မြောက်ပိုင်းရှိ ကာဒစ်စတန်ပစ်မှတ်တွေကို တူရကီက လေကြောင်းကတိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

တူရကီစစ်သား ၉ ဦးကျဆုံးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ ကာဒစ်စတန်တွေနေထိုင်ရာနယ်မြေတွေကို တူရကီနိုင်ငံက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တူရကီအစိုးရက တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ အီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မာတီနာ၊ ဟာကက်၊ ဂါရာ၊ အေ ဆော့ နယ်မြေတွေက ပစ်မှတ်တွေနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။” လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

 

၁၉၈၄ ခုနှစ်ကတည်းက တူရကီနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်လာတဲ့ ကာဒစ်စတန် PKK တိုက်ခိုက်ရေးသမား တွေအသုံးပြုနေတဲ့ လိုဏ်ခေါင်းတွေ၊ အဆောင်အအုံတွေ၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေ၊ လူနေအိမ်တွေ နဲ့ ဓာတ်ငွေ့စက်ရုံတွေပါဝင်တဲ့ ပစ်မှတ်ပေါင်း ၂၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း တူရကီစစ်တပ်က ပြောပါတယ်။

 

တနင်္ဂနွေနေ့အစောပိုင်းကတော့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ စစ်စခန်းတွေ၊ လက်နက်တိုက်တွေအပါ အဝင် ပစ်မှတ် ၂၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း တူရကီ Anadolu သတင်းဌာနက ကြေညာခဲ့ပါတယ်။

 

ကာဒစ်စတန် PKK အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPG အဖွဲ့တို့ရဲ့ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ပစ်မှတ် ပေါင်း ၅၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း စနေနေ့က တူရကီအစိုးရက ပြောပါတယ်။

 

အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တူရကီစစ်စခန်းတစ်ခုမှာ သောကြာနေ့က PKK တိုက်ခိုက်ရေးသမားတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုမှာ တူရကီစစ်သား ၉ ဦး ကျဆုံးသွားပြီးနောက် တူရကီနိုင်ငံက အခုလို လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ကာဒစ်စတန် PKK အဖွဲ့ကို တူရကီနိုင်ငံနဲ့ အနောက်နိုင်ငံအများအပြားက အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ် မှတ်ထားပါတယ်။

 

YPG အဖွဲ့ဟာ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ရာမှာ အမေရိကန် ဦးဆောင်တဲ့မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့နဲ့အတူ လက်တွဲတိုက်ပွဲဝင်နေတဲ့ အဓိက ကာဒစ်လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

 

ဒါပေမဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ တိုက်ခိုက်ခဲ့တာပါလို့ ပြောတဲ့ တူရကီနိုင်ငံကတော့ YPG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တူရကီအစိုးရဟာ များသောအားဖြင့် အီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေက ကာဒစ် စတန်တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်။

 

Ref: Turkey Bombs Kurdish ‘Terrorist Targets’ in Iraq, Syria

 

#PeopleMedia


Share this post