အီရန်တပ်ဖွဲ့ဝင်များနှင့် တာလီဘန်များ အီရန်နယ်စပ်တွင် မှားယွင်းပစ်ခတ်
PUBLISHED - December 2, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)
အီရန်နိုင်ငံ အရှေ့ဘက်နယ်စပ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့က အီရန်တပ်ဖွဲ့ဝင်များနှင့် အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများကဖော်ပြ ခဲ့သည်။
“အာဖဂန်နစ္စတန် နီမ်မရွတ်ပြည်နယ်အနီးက နယ်စပ်မှာ နားလည်မှုလွဲမှားပြီး အီရန်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နဲ့ တာလီဘန်တပ်ဖွဲ့ဝင်တွေ မွန်းလွဲပိုင်းမှာ မှားယွင်းပစ်ခတ်ခဲ့ကြတာပါ” ဟု အီရန် Tasnim သတင်းဌာနက ပြောသည်။
သြဂုတ်လအတွင်းက အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်များအာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် တာလီ ဘန်အစိုးရကို အီရန်အစိုးရက အသိအမှတ်မပြုခဲ့ပေ။ အီရန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဆီးဒ်ခါတီဘရာဒက်ရှ်က တာလီဘန်များနာမည်ကို ထည့်သွင်း ပြောဆိုခြင်းမပြုဘဲ နှစ်နိုင်ငံဒေသခံများကြားမှ နယ်စပ်အငြင်းပွားမှုကြောင့် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်းဖြစ် ကြောင်း ပြောဆိုခဲ့သည်။
“ပြဿနာတွေကို ဖြေရှင်းပြီးသွားပါပြီ။ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကြားမှာ အဆက်အသွယ်ရပြီးတဲ့ နောက် ပစ်ခတ်မှုတွေလည်း ရပ်ဆိုင်းသွားပါပြီ” ဟု ဆီးဒ်ခါတီဘရာဒက်ရှ်ကပြောသည်။
အီရန်လယ်သမားများက အီရန်နယ်စပ်တွင်ကာရံထားသော ခြံစည်းရိုးအကာအရံများကို ကျော်လွှားခဲ့ရာ တာ လီဘန်များက ၎င်းတို့၏နယ်စပ်ချိုးဖျက်ခံရသည်ဟုယူဆ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တာလီဘန် များက စတင်ပစ်ခတ်ခဲ့သဖြင့် အီရန်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း Tasnim သတင်းဌာန က ပြောသည်။
တာလီဘန်အစိုးရအနေဖြင့် ၎င်းတို့အိမ်နီးချင်းနိုင်ငံများကို ချစ်ကြည်ရင်းနှီးစွာဆက်ဆံရန် အောက်တိုဘာလ နှောင်းပိုင်းတွင် ကျင်းပခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် အိမ်နီးချင်းခြောက်နိုင်ငံအ စည်းအဝေးတွင် အီရန်အစိုးရက တာလီဘန်များကိုတောင်းဆိုခဲ့သည်။
အီရန်အစိုးရသည် လတ်တလောလများအတွင်း သဘောထားတင်းမာသော ဆွန်နီအစ္စလာမ်မစ်အဖွဲ့နှင့်အတူ လက်တွေ့ကျသောချဉ်းကပ်မှုဆီသို့ တဖြည်းဖြည်းရွေ့လျားသွားနေပုံရကြောင်းသိရသည်။
Ref: Iranian Forces, Taliban Exchange Fire at Border: Media
#PeopleMedia
(unicode)
………………………………………………………….
Ref: Iranian Forces, Taliban Exchange Fire at Border: Media
#PeopleMedia