အီရန်ကို မခြိမ်းခြောက်ဖို့ အမေရိကန်ကို အီရန်အစိုးရသတိပေး
PUBLISHED - February 1, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁
ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားတဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ဆုံး ဖြတ်ထားကြောင်း အမေရိကန်ဘက်ကပြောဆိုပြီးနောက် အမေရိကန်အနေနဲ့ အီရန်နိုင်ငံကို မခြိမ်းခြောက်ဖို့ အီရန်အစိုးရက ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့) က သတိပေးပြောကြားလိုက်ပါတယ်။
“အမေရိကန်အနေနဲ့ ခြိမ်းခြောက်တဲ့စကားလုံးတွေအသုံးပြုနေတာကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ပဲ အာရုံစိုက်ကြိုးပမ်းပါ။” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမီယာ- အဗ္ဗဒူလာဟီယန်က ပြောကြောင်း အီရန်အစိုးရသတင်းဌာန IRNA က ဖော်ပြထားပါတယ်။
“ခြိမ်းခြောက်မှုတွေကို အီရန်နိုင်ငံက တုံံ့ပြန်ရာမှာ ခိုင်မာပြတ်သားပြီး အမြန်တုံ့ပြန်မှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။ တနင်္ဂနွေနေ့က ဒရုန်းတစ်စင်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက ဒီကနေ့အချိန်အထိ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ ပထမဦးဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွက် အီရန်နိုင်ငံကထောင်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေကို အပြစ်တင်ခဲ့တဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကတော့ လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောပေမဲ့ ၎င်းအနေနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ပွဲပိုမိုကျယ်ပြန့်လာအောင်တော့ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
လက်တုံ့ပြန်တိုက်ခိုက်ရာမှာ နည်းလမ်းမျိုးစုံကို အသုံးပြုသွားနိုင်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
အမေရိကန်အရာရှိတွေရဲ့ ခြိမ်းခြောက်မှုတွေဟာ ရှင်းပြစရာလိုမှာမဟုတ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးဟိုစိန်ဆလာမီက ဗုဒ္ဓဟူးနေ့ပြောကြောင်း IRNA သတင်းဌာနက ဖော်ပြ ထားပါတယ်။
“ကျွန်တော်တို့ဟာ စစ်ပွဲကို မျှော်လင့်နေတာဟုတ်ပေမဲ့ စစ်ဖြစ်လာရင်လည်း ကြောက်ရွံ့စိုးရိမ်နေမယ့်သူတွေ မဟုတ်ပါဘူး။” လို့ ဗိုလ်ချုပ်ကြီးဆလာမီက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေကျဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ၎င်းတို့နဲ့ ဘယ်လိုမှ ဆက်နွယ်ပတ်သက်မှုမရှိ ကြောင်း အီရန်အစိုးရက ငြင်းဆိုခဲ့ပြီး အီရန်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲကျယ်ပြန့်လာအောင် ကြိုး ပမ်းမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားလာပြီးနောက် စစ်ပွဲအတွင်း ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်နဲ့ ယီမင်နိုင် ငံတို့မှာရှိနေတဲ့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေပါဝင်ပတ်သက်လာကတည်းက ဒေသ တွင်းတင်းမာမှုတွေက ပိုမိုမြင့်တက်လာပါတယ်။
ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအုပ်စုတွေကို ထောက်ပံ့ပေးရမှာ တာဝန်တစ်ရပ်လို့ ရှုမြင်ထားပေမဲ့ အဲဒီအဖွဲ့ တွေဟာ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ဆောင်ရွက်ရာမှာ သူတို့သဘောနဲ့သူတို့ လွတ်လပ်စွာဆောင်ရွက်နေကြ တာာဖြစ်ကြောင်း အီရန်အစိုးရက အရင်ကတည်းက ပြောဆိုခဲ့ပါတယ်။
Ref: Iran Warns US against Threats after Deadly Attack on Troops
#PeopleMedia