အီရန်ခြိမ်းခြောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်ပြော
PUBLISHED - April 8, 2024
နိုင်ငံတကာ၊ ဧပြီ ၈
ဒမတ်စကက်ရှိ အီရန်ကောင်စစ်ဝန်ရုံး အတိုက်ခံရမှုမှာ အီရန်နိုင်ငံရဲ့ တုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားပြီးဖြစ် တဲ့အတိုင်း အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ထိုးစစ်ရော ခုခံစစ်အတွက်ပါ အသင့်ရှိနေကြောင်း အစ္စရေးစစ်ဦးစီးချုပ် က ပြောကြားလိုက်ပါတယ်။
အီရန်နဲ့ပတ်သက်ပြီး ဘယ်လိုတိုက်ခိုက်ရမယ်၊ ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာကို အစ္စရေးတပ်မတော်က သိထားကြောင်း အစ္စရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟာဇီဟယ်လဗီက ဧပြီ ၇ ရက်နေ့က ပြောပါတယ်။
အီရန်ထိပ်တန်းစစ်ခေါင်းဆောင်တစ်ဦးအပါအဝင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က တိုက်ခိုက်မှုအတွက် အီရန်အရာရှိတွေက လက်တုံ့ပြန်မယ်လို့ အစ္စရေးကို ခြိမ်းခြောက်နေစဉ်အတွင်း ၎င်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အစ္စရေးဟာ စစ်မျက်နှာပေါင်းစုံနဲ့ ရင်ဆိုင်နေရကြောင်း၊ အစ္စရေးတပ်မတော်သားတွေဟာ နိုင်ငံရဲ့ တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ထူထပ်တဲ့ဂျူဒီယာဒေသ၊ ဆာမာရီယာဒေသနဲ့ တခြားအလှမ်းကွာဝေးတဲ့ ဒေသအားလုံးအ တွက် ပြင်ဆင်ပြီး တိုက်ပွဲဝင်နေကြောင်း ဟယ်လဗီက ပြောပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဒေသတွင်းက မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေနဲ့ ပူး ပေါင်းဆောင်ရွက်နေတဲ့အတွက် အီရန်ကို အနီးကဖြစ်စေ အဝေးကဖြစ်စေ အင်တိုက်အားတိုက် တိုက်ခိုက်နိုင် ကြောင်းလည်း ၎င်းက ပြောပါတယ်။
“အီရန်နိုင်ငံဟာ အစ္စရေးတစ်နိုင်ငံတည်းကိုသာ ခြိမ်းခြောက်နေတာ မဟုတ်ဘဲ အနောက်ကမ္ဘာတစ်ခုလုံးနဲ့ အာရပ်ကမ္ဘာကိုပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အီရန်ဆိုတာ တကယ့် နိုင်ငံတကာပြဿနာကောင်ကြီးဖြစ် ခဲ့သလို လက်ရှိလည်းဖြစ်နေဆဲပါပဲ။ အင်မတန်ကြီးမားတဲ့ အရှုပ်ထုပ်ကြီးပါ။” လို့ ၎င်းက ပြောပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ အစ္စရေးသံရုံးတွေမှန်သမျှ လုံခြုံမှုရှိမှာ မဟုတ်တော့ဘူးလို့ အီရန်ထိပ်တန်းစစ်ဘက်ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးရာဟျာရာဟမ်ဆာဖာဗီက ပြောကြားလိုက်ပြီးနောက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဟယ်လဗီက အခုလို တုံ့ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။
အကြောက်တရားနဲ့ အကြမ်းဖက်မှု အရိပ်တွေဟာ သိမ်းပိုက်ခံနယ်မြေတွေမှာ လွှမ်းခြုံနေတော့မှာဖြစ်ပြီး ဇီယွန် ဝါဒီတွေဟာ ညစဉ်ညတိုင်း မရဏအိပ်မက်ဆိုးတွေကို မြင်မက်ရတော့မှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဆာဖာဗီက ပြောပါတယ်။
စိုးရိမ်ထိတ်လန့်စရာ ဘာအကြောင်းမှမရှိသလို ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေစရာလည်း ဘာအကြောင်းမှ မရှိ ကြောင်း၊ အခြေအနေတွေကို သဘောပေါက်ထားရမှာဖြစ်ပြီး အမြဲတမ်းပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ အစ္စရေး တပ်မတော်ဟာ အပြည့်အဝ ပြင်ဆင်ထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဟယ်လဗီက ပြောပါတယ်။
ဂါဇာဒေသစစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံဟာ စစ်ပွဲမှာပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုဖုံးကွယ်ဖို့ ကြိုး စားခဲ့ပေမဲ့ စစ်ပွဲကို အစပျိုးအသက်သွင်းခဲ့ပြီး ဘဏ္ဍာရေးအရရော နည်းပညာအရပါ ဒေသတွင်း လက်သပ်မွေး ထားတဲ့အဖွဲ့တွေဆီကို ဟစ်ဘိုလာတွေဆီကတစ်ဆင့် အကူအညီပေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိပ် တန်းစစ်ခေါင်းဆောင် ၁၈ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
Ref: Israel Is Ready For Any Threat by Iran, Military Chief Asserts
#PeopleMedia