အီရန်ထောက်ပံ့ထားတဲ့ အီရတ်နိုင်ငံထဲက စစ်သွေးကြွအုပ်စုကို အမေရိကန်က ဒုတိယအကြိမ်မြောက် တိုက် ခိုက်
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2023/11/398266306_364977612695272_4653934420537717182_n-624x351.jpg)
PUBLISHED - November 23, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃
အီရတ်နိုင်ငံအနောက်ဘက်မှာရှိတဲ့ အမေရိကန်စစ်စခန်းကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီး နောက် ဘဂ္ဂဒက်တောင်ပိုင်းမှာရှိတဲ့ အီရန်ထောက်ပံ့ထားတဲ့စစ်သွေးကြွစခန်းနှစ်ခုကို အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့ (နို ဝင်ဘာလ ၂၂ ရက်နေ့) က လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအကြောင်း ထုတ်ပြန်ကြေညာစဉ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်နိုင်ငံက တိုက် ရိုက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်ဘက်က စွပ်စွဲခဲ့ပါတယ်။
အီရတ်မှာရှိတဲ့ စစ်သွေးကြွတွေရဲ့ နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (U.S. Central Command – CENTCOM) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီစခန်းနှစ်ခုဟာ ဘဂ္ဂဒက်မြို့ရဲ့တောင်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ ဂျာ့ဖ်မယ်လ်နက်စ်မြို့နားမှာတည်ရှိ ကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက FDD’s Long War Journal ကို ပြောပါတယ်။
“ဒီတိုက်ခိုက်မှုတွေဟာ အီရန်နဲ့ အီရန်ကထောက်ပံ့ထားတဲ့စစ်သွေးကြွအုပ်စုတွေက အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက်လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။
အီရန်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေထဲမှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က တိုက်ခိုက်မှုလည်း ပါပါတယ်။” လို့ CENTCOM က ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို စစ်သွေးကြွတွေက အရှိန်မြှင့် တိုက်ခိုက်နေစဉ် အီရတ်နိုင်ငံမှာ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် လက်တုံ့ပြန်တိုက်ခိုက်မှုဖြစ်ပါတယ်။
အီရတ်နိုင်ငံ အန်ဘာပြည်နယ် အင်အယ်လ်အေဆတ်လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် တွေကို တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ ယာဉ်တစ်စီးကို အမေရိကန် AC-130 လေယာဉ်က အင်္ဂါနေ့ (နိုဝင်ဘာလ ၂၁ ရက်နေ့) က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အီရန်အစိုးရထောက်ပံ့ထားတဲ့စစ်သွေးကြွအဖွဲ့တွေထဲက ကြီးမားတဲ့အဖွဲ့တစ်ဖွဲ့ဲဖြစ်တဲ့ ဟစ် ဘိုလာအဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး အခုအချိန်အထိ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်စခန်းတွေ တိုက်ခိုက်ခံရတာ အကြိမ် ၆၀ ကျော်သွားပြီဖြစ်ပါတယ်။
တိုက်ခိုက်မှုအားလုံးနီးပါးကို အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ အီရတ်နိုင်ငံထဲက အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ အမည်ခံ စစ်သွေးကြွအုပ်စုက ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်နဲ့ အပေါင်းအပါ စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ကို ကာကွယ်ဟန့်တားဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန် ကြီး အယ်လ်လွိုက်သြစတင်က ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး အမေရိကန်က အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေကို လေ ကြောင်းကနေ ငါးကြိမ် လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ဆီးရီးယားမှာ သုံးကြိမ်နဲ့ အီရတ်မှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့ ပါတယ်။
Ref: U.S. military launches second strike in Iraq in response to attacks by Iranian-backed militias
#PeopleMedia