• Follow Us on
Latest News

Home အီရန်သမ္မတပါဝင်တဲ့ပျက်ကျရဟတ်ယာဉ်က ဖုန်းသံကို ခြေရာခံမိပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နေ

အီရန်သမ္မတပါဝင်တဲ့ပျက်ကျရဟတ်ယာဉ်က ဖုန်းသံကို ခြေရာခံမိပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နေ

Share this post

နိုင်ငံတကာ၊ မေ ၂၀

 

အီရန်သမ္မတအီဘရာဟမ်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျသွားတဲ့နေရာကို အီရန်တပ်မတော်က ခြေရာခံနိုင်ပြီဖြစ်ပြီး ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ အဲဒီရဟတ်ယာဉ်ပျက်ကျတဲ့နေ ရာကို သွားရောက်နေပြီဖြစ်ကြောင်း CNN သတင်းဌာနနဲ့ အီရန် IRNA သတင်းဌာနက ပြောပါတယ်။

 

အီရန်သမ္မတအီဘရာဟမ်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ စီးနင်းလာတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ တနင်္ဂနွေနေ့ (မေလ ၁၉ ရက်နေ့) က မြူတွေဆိုင်းနေတဲ့ တောင်တန်းတစ်ခုကို ဖြတ်ကျော်ပျံသန်းစဉ် ပျက်ကျသွားခဲ့တာဖြစ် ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာပါသွားတဲ့တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိုဘိုင်းဖုန်းကနေ အချက်ပြဆက်သွယ်မှုတစ်ခုကို လက်ခံရရှိခဲ့ တယ်လို့ ရဟတ်ယာဉ်ပျက်ကျတဲ့ အရှေ့ပိုင်း အဇာဘိုင်ဂျန်ပြည်နယ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။

 

“အီရန်တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို သွားနေကြပါတယ်။ သတင်းကောင်းတချို့ ကြားရမယ်လို့ မျှော်လင့် ထားပါတယ်။” လို့ အဆိုပါအကြီးအကဲက IRNA သတင်းဌာနကိုပြောပါတယ်။

 

အီရန်တပ်ဖွဲ့ဝင်တွေဟာ မိုဘိုင်းဖုန်းကအချက်ပြဆက်သွယ်မှုအပေါ် ခြေရာခံပြီး အဲဒီနေရာကို ထွက်ခွာသွား ကြတာဖြစ်ပေမဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ရဟတ်ယာဉ်ပျက်ကျသွားတဲ့နေရာကို အတိအကျမသိရသေးဘူး လို့ဆိုပါတယ်။

 

သမ္မတစီးနင်းသွားတဲ့ရဟတ်ယာဉ်နဲ့ အာဏာပိုင်တွေ အဆက်အသွယ်ပြတ်သွားတာ ၁၀ နာရီဝန်းကျင်ရှိပြီဖြစ် ပြီး အခင်းဖြစ်နယ်မြေမှာ အလွန်အေးခဲနေတဲ့အတွက် ညတွင်းချင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဖို့ အလွန် ခက်ခဲတယ်လို့ ဆိုပါတယ်။

 

အီရန်အာဏာပိုင်တွေရဲ့အကူအညီတောင်းခံမှုကြောင့် ဥရောပသမဂ္ဂက ကော့ပါးနီးကပ်စ်အရေးပေါ်စီမံခန့်ခွဲ ရေးစနစ် (Copernicus EMS) မြေပုံရှာဖွေရေးဝန်ဆောင်မှုကတစ်ဆင့် အကူအညီပေးသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် အီရန်သမ္မတရဟတ်ယာဉ်ရှာဖွေရေးအတွက် ညဘက်ရှာဖွေရေးကိရိယာတွေပါဝင်တဲ့ ရဟတ်ယာဉ် တစ်စင်းနဲ့ ကူညီရှာဖွေပေးဖို့ တူရကီနိုင်ငံကို မေတ္တာရပ်ခံထားကြောင်း တူရကီဘေးအန္တရယ်နဲ့ စီမံခန့်ခွဲရေး ဝန် ကြီးဌာနဝန်ကြီးက ပြောပါတယ်။

 

တူရကီနိုင်ငံကလည်း ယာဉ် ခြောက်စီးနဲ့ တောင်ပေါ်ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၃၂ ဦးကို အီရန်နိုင်ငံကို စေ လွှတ်သွားမှာဖြစ်တယ်လို့ တူရကီဝန်ကြီးက ပြောပါတယ်။

 

သမ္မတအီဘရာဟမ်ရိုင်ဆီရဲ့ ရဟတ်ယာဉ်ဟာ အဇာဘိုင်ဂျန်ပြည်နယ်သွားရောက်ပြီး အပြန်မှာ ရာသီဥတု ဆိုး ရွားလွန်းတဲ့အတွက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

 

ရဟတ်ယာဉ်ပေါ်မှာ သမ္မတရိုင်စီနဲ့အတူ အီရန်နိုင်ငံခြားရေးဝန်ကြီးဟိုစိန်အေမီယာ အဗ္ဗဒူလာဟီယန်၊ တာဘ ရစ်မြို့ သောကြာနေ့ဝတ်ပြုခေါင်းဆောင် ဟိုဂျီတိုလက်စလမ်အယ်လ်ဟာရှမ်၊ အရှေ့အဇာဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူး မာလက်ရာမတီနဲ့ တခြားပုဂ္ဂိုလ်လေးငါးဦးပါဝင်ပါတယ်။

 

အဲဒီဒေသမှာ မြူနှင်းတွေ ပိန်းပိတ်အောင်ကျဆင်းနေပြီး အလွန်အေးခဲနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို ခက်ခက်ခဲခဲဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

 

Ref: Iranian military locates crash site of President Raisi’s helicopter; search efforts intensified

 

#PeopleMedia


Share this post