အုတ်တွင်းနှင့် ကြို့ပင်ကောက်တို့တွင် အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံး
PUBLISHED - September 27, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်၊ (၁၈)မိုင်ကျေးရွာနေ ဦးမောင်သိန်း(ခ) မောင်သိန်း (၅၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၁၈)မိုင်ကျေးရွာ၏တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ဖြူသစ်တော ကြိုးဝိုင်းအနီးအရောက် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်သိန်း(ခ)မောင်သိန်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခမ်းကျေးရွာနေရာ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဦး(၆၁)နှစ် သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသိန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia