အုတ်ဖိုမြို့နယ်တွင် ဆေးရုံတက်နေသည့် မိခင်ထံ ပိုက်ဆံသွားပေးသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို စစ်သွေးကြွတွေ သတ်ဖြတ်
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စဉ့်ကူးကျေးရွာမှ ဆေးရုံတက်နေသည့် မိခင်ထံ ပိုက်ဆံသွားပေးသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်သည်။
စက်တင်ဘာလ (၉)ရက် နံနက် (၇)နာရီခန့်က စဉ့်ကူးကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသက်အောင်သည် သာယာဝတီမြို့ လှိုင်ဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မိခင်ထံ ဆိုင်ကယ်တစ်စီးဖြင့် ပိုက်ဆံသွားပေး ခဲ့ရာ တောင်သုံးလုံးဘုရားနှင့် စဉ့်ကူးကျေးရွာကြားအရောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ချောင်းမြောင်း ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသက်အောင်၏ ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဦးသက်အောင်၏ လက်ကိုင်ဖုန်းနှင့် ဦးသက်အောင်၏ မိခင်ထံ သွားရောက်ပေးဆောင်မည့် ငွေကျပ် (၁)သိန်းကို ယူဆောင်သွားကြောင်း သိရသည်။
ဦးသက်အောင်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်သော်လည်း စဉ့်ကူးကျေးရွာမှ အုပ်ချုပ်ရေးမှူး မဟုတ်ကြောင်းနှင့် စစ်မှုထမ်းဟောင်းလည်း မဟုတ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#PeopleMedia