အုတ်ဖိုမြို့နယ် အေးမြသာယာမြို့တွင် ကွမ်းယာဝယ်နေသည့် စခန်းမှူးနှင့် ကွမ်းယာရောင်းသည့် အမျိုးသား တစ်ဦးကို စစ်သွေးကြွများက ပစ်ခတ်
PUBLISHED - September 17, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့တွင် ကွမ်းယာဝယ်နေသည့် စခန်းမှူးနှင့် ကွမ်းယာ ရောင်းသည့် အမျိုးသားတစ်ဦးကို စစ်သွေးကြွများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ (၁၆) ရက် ညနေ (၄)နာရီခန့်က စခန်းမှူး ဦးဇော်ဝင်းသည် အေးမြသာယာမြို့ အထက်တန်း ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသည့် ရွှေအိုးကြီး ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်ရန် သွားရောက်ခဲ့သည်။
ယင်းသို့ စခန်းမှူးသည် ကွမ်းယာဝယ်နေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ကွမ်းယာဝယ်နေသည့် စခန်းမှူးနှင့် ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် စခန်းမှူးနှင့် ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦးတို့သည် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
စစ်သွေးကြွများသည် ယင်းသို့ ပစ်ခတ်ပြီးနောက် စခန်းမှူးဆီမှ လက်ပစ်ဗုံးတစ်လုံးအား ယူဆောင်သွားကြောင်းနှင့် သေနတ်ဖြင့် မိုးပေါ်သို့ထောင်ကာ ပစ်ခတ်သွားကြောင်း သိရသည်။
Photo – ပုံဟောင်းကို အသုံးပြုထားသည်။
#PeopleMedia