အေဂျင်စီများအနေဖြင့် မြန်မာလုပ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်စေရေးကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးမှာကြား

PUBLISHED - March 26, 2025
နေပြည်တော်၊ မတ် ၂၆
မြန်မာအေဂျင်စီများအနေဖြင့် မြန်မာလုပ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်စေရေးကြပ်မတ်ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် မှာကြားလိုက်သည်။
ပြည်ထောင်စုဝန်ကြီးက ပြည်ပတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံများ၏ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံသားပီသစွာဖြင့် ထမ်းဆောင်နေကြသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ဝင်ငွေခွန်ထမ်းဆောင်သော ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိမိတို့ရရှိသည့် လစာငွေသို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်/လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တင်သွင်းခွင့်များ ပေးအပ်လျက်ရှိပါကြောင်း၊ ပြည်ပရောက်လုပ်သားများမှ မိသားစုထံလွှဲပို့ငွေများကို တရားဝင်နည်းလမ်းဖြင့် လုံခြုံမြန်ဆန်ချောမွေ့စွာ အခက်အခဲမရှိ လွှဲပို့နိုင်ရေး ဘဏ်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
တရားမဝင်ငွေလွှဲဟွန်ဒီလုပ်ငန်းလုပ်ကိုင်နေသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ရရှိသတင်းများကို မျှဝေကာ ဖော်ထုတ်အရေးယူနိုင်ရန်လိုအပ်ကြောင်း၊ မြန်မာအေဂျင်စီများအနေဖြင့် မြန်မာလုပ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်စေရေးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
#PeopleMedia