အမေရိကန်ဒရုန်း အိုင်အက်စ်များကို ပစ်မှတ်ထားတိုက်ခိုက်

PUBLISHED - August 28, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၈ (People Media)
ကဘူးလေဆိပ်တိုက်ခိုက်မှုအတွက်လက်တုံ့ပြန်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ကတိကဝတ်ကို လျင်မြန်စွာ အကောင်အထည်ဖော်သည့်အနေဖြင့် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဖဂန်နစ္စတန်ရှိအိုင်အက်စ်အဖွဲ့ကို ဒရုန်း ဖြင့် တိုက်ခိုက်ခဲ့ရာ အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်တပ်မတော်ကကြေညာခဲ့သည်။
အဆိုပါဒရုန်းတိုက်ခိုက်မှုကို သမ္မတဘိုင်ဒန်ကခွင့်ပြုခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစတင်က အမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကပြောသည်။ လေကြောင်း တိုက်ခိုက်မှုမှာ အမေရိကန်စစ်သည် ၁၃ ဦးကျဆုံးခဲ့သည့် ကဘူးလေဆိပ်တိုက်ခိုက်မှုအပြီး ၄၈ နာ ရီအတွင်းပြု လုပ်ခဲ့ခြင်းဖြစ်သည်။
ဒရုန်းတိုက်ခိုက်မှုကို ကဘူးတိုက်ခိုက်မှုနှင့်ဆက်စပ်သည့် အိုင်အက်စ်အဖွဲ့ကိုပစ်မှတ်ထား၍ နန်ဂါဟာပြည်နယ် တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်ကကြေညာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်ဝီလျံအာဘန်က ပြောသည်။
အမေရိကန်စစ်သည် ၁၃ ဦးအပြင် အာဖဂန်လူမျိုး ၁၆၉ ဦးသေဆုံးခဲ့သည့်တိုက်ခိုက်မှုတွင်အသုံးပြုခဲ့သော ဗုံးခွဲ အင်္ကျီမှာ ၂၅ ပေါင် ဝန်းကျင်ရှိ ဖောက်ခွဲရေးပစ္စည်းများကိုသယ်ဆောင်ထားကြောင်း လွှတ်တော်အကဲဖြတ်လေ့ လာရေးအဖွဲ့ကသုံးသပ်ထားသည်။ အသေခံဗုံးခွဲသူများ သယ်ဆောင်လေ့ရှိသည့် ဗုံးအလေးချိန်မှာ ၅ ပေါင်မှ ၁၀ ပေါင်အထိရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသည်။
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များမရှိတော့သည့်အပြင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများ မှာလည်း မရှိတော့သလောက်နည်းပါးနေသည့်အတွက် အာဖဂန်နစ္စတန်အခြေပြု အကြမ်းဖက်ခြိမ်းခြောက်မှု များကို သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် ခက်ခဲစွာရင်ဆိုင်နေရသည်။ အာဖဂန်နစ္စတန် နယ်စပ်ဒေသများရှိ အကြမ်း ဖက်ခြိမ်းခြောက်မှုများကို အမေရိကန်ကစောင့်ကြည့်ထောက်လှမ်းပြီး တိုက်ခိုက်နိုင်ကြောင်း သမ္မတဘိုင်ဒန်၏ ပြောကြားချက်အပေါ် သံသယဝင်မိကြောင်း CIA ဆန်းစစ်လေ့လာသူဟောင်းနှင့် အထက်လွှတ်တော်ထောက် လှမ်းရေးကော်မတီ၏ ဝန်ထမ်းရေးရာဒုတိယညွှန်ကြားရေးမှူး အမ်မလီဟာဒင်းကပြောသည်။
ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင်ကျဆုံးခဲ့သည့်စစ်သည်များအနက် ၁၁ ဦးမှာမရိန်းစစ်သားများဖြစ်ပြီး ၁ ဦးမှာရေတပ် စစ်သည်ဖြစ်ကာ ကျန် ၁ ဦးမှာ ကြည်းတပ်စစ်သည်ဖြစ်ကြောင်း မရိန်းတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်းအာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် အမေရိကန်စစ်သည် ၂၄၀၀ ကျော်ကျဆုံး ခဲ့ပြီး စစ်သည်ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်းသိရသည်။
Ref: US airstrike targets Islamic State member in Afghanistan
#PeopleMedia
(unicode)
…………………………………………….
Ref: US airstrike targets Islamic State member in Afghanistan
#PeopleMedia