အမေရိကန်နိုင်ငံ စာသင်ကျောင်းဝင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၊ လူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိ

PUBLISHED - December 1, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁ (People Media)
အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေနတ်ပစ်ခတ်မှုသည် ဒက်ထရိုက်မြို့ မြောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ အောက်စ်ဖို့ဒ်မြို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေ့ ၁၂ နာရီ ၅၅ မိနစ်တွင် အောက်စ်ဖို့ဒ်အထက်တန်းကျောင်း၌ သေနတ် ပစ်ခတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်တယ်လီဖုန်း လက်ခံရရှိခဲ့ပြီး ချက်ချင်းဆိုသလိုပင် ယင်းစာသင် ကျောင်းသို့ သွားရောက်၍ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် ယင်းအမျိုးသားသည် သေနတ်တစ်လက်ကိုင်ဆောင်ထားသော်လည်း ဖမ်းဆီးစဉ် ပြန်လည်ခုခံခြင်းမရှိကြောင်း သိရသည်။
သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရာ အသက် ၁၆ နှစ်၊ ၁၄ နှစ် နှင့် ၁၇ နှစ် အသီးသီးရှိသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၈ ဦးတွင် ဆရာ ၁ ဦး ပါဝင် ကြောင်း၊ ဒဏ်ရာရသူ ၂ ဦးသည် ခွဲစိတ်ကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ အခြေအနေတည်ငြိမ်ကြောင်း ဆို သည်။
လက်ရှိတွင် ယင်းအမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေသည်။ ပြစ်မှုကျူးလွန်သူဟု သံသယ ရှိသည့် လူငယ်လေးသည် ၎င်းတစ်ဦးတည်း ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ယူဆရပြီး ပြစ်မှုကျူးလွန်သည့် အကြောင်းအရင်းကို လတ်တလော ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ယခုဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုသည် ၂၀၂၁ ခုနှစ် အမေရိကန်၌ ဖြစ်ပွားသည့် အဆိုးဝါးဆုံး စာသင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း အမေရိကန် သေနတ်ထိန်းချုပ်ရေးထောက်ခံမှုအဖွဲ့ “Everytown for Gun Safety” က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ယင်းအဖွဲ့၏စာရင်းများအရ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဒေသအသီးသီးတွင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ၁၄၀ နီးပါးဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
(Xinhua)
#PeopleMedia #နိုင်ငံတကာ
(unicode)
…………………………………………………………
(Xinhua)