အမေရိကန်ကြည်းတပ်က တစ်ကိုယ်သုံးဆက်သွယ်ရေးစက် ဒေါ်လာ သန်း ၃၅၀ ဖိုး ဝယ်ယူမည်
PUBLISHED - September 25, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅ (People Media)
နှစ်နှစ်ကြာစမ်းသပ်မှုများပြုလုပ်ပြီးနောက် အမေရိကန်ကြည်းတပ်က ဒေါ်လာ သန်း ၃၅၀ တန်ကြေးရှိ စစ်သုံး ဆက်သွယ်ရေးစက်များဝယ်ယူရန် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။
အဆိုပါဆက်သွယ်ရေးစက်များမှာ အနာဂတ်စစ်မြေပြင်တွင် ကြည်းတပ်စစ်သည်များအတွက် ရာသီဥတုဆိုးရွား မှုများကြားတွင် ပိုမိုကောင်းမွန်သည့်ဆက်သွယ်ရေးစနစ်ကိုရရှိစေနိုင်မည်ဖြစ်သည်။
တစ်ကိုယ်ရည်သုံး (အိတ်ဆောင်စကားပြောစက်) ဆက်သွယ်ရေးစက်များကို လိုအပ်သလောက်အပြည့်အဝ ထုတ်လုပ်တော့မည်ဖြစ်ကြောင်း အမေရိကန်ကြည်းတပ် ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ ဆက်သွယ်ရေးနှင့် နည်းဗျူဟာ (PEO C3T) အမှုဆောင်အရာရှိက စက်တင်ဘာလ ၂၃ ရက်နေ့ကပြောသည်။
အမေရိကန်ကြည်းတပ်အတွက် ဒေါ်လာ ၂၂၆.၅ သန်းတန်ကြေးရှိတစ်ကိုယ်သုံးဆက်သွယ်ရေးစက်များ တင် သွင်းခွင့်ကို L3Harris ကုမ္ပဏီနှင့် Collins Aerospace ကုမ္ပဏီတို့မှ ရရှိသွားပြီး L3Harris ကုမ္ပဏီမှ ဆက်သွယ် ရေးစက် ၂,၃၂၀ လုံးနှင့် Collins Aerospace ကုမ္ပဏီမှ ၁,၅၄၇ လုံး တင်သွင်းသွားရမည်ဖြစ်သည်။
အမေရိကန်ကြည်းတပ် Leader radio (တပ်စုမှူးအဆင့် တစ်ကိုယ်ရည်သုံးဆက်သွယ်ရေးစက်) အတွက် L3Harris ကုမ္ပဏီနှင့် Thales ကုမ္ပဏီတို့က ဒေါ်လာ ၁၁၈.၇ သန်းတန် ကန်ထရိုက်ကို ပူးတွဲရရှိသွားသည်။ ကြည်းတပ်က L3Harris ကုမ္ပဏီထံမှ Leader radio ၂,၄၉၈ လုံးနှင့် Thales ကုမ္ပဏီထံမှ ၁,၀၉၆ လုံး ဝယ်ယူ သွားမည်ဖြစ်သည်။
“လိုအပ်ချက်အတိုင်း အပြည့်အဝထုတ်လုပ်သွားမယ့် ဒီဆက်သွယ်ရေးစက်တွေဟာ ကျွန်တော်တို့ စစ်ဆင်ရေး အောင်မြင်ဖို့အတွက် အသက်တမျှအရေးကြီးတဲ့ ခေတ်မီတိုးတက်တဲ့ရေဒီယိုဆက်သွယ်ရေးစွမ်းရည်တွေကိုပေး သွားမှာဖြစ်ပါတယ်။” ဟု ကြည်းတပ် ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ ဆက်သွယ်ရေးနှင့် နည်းဗျူဟာ (PEO C3T) မှ စီမံ ချက်မန်နေဂျာ ဗိုလ်မှူးကြီး ဂါ့သ်ဝင်းတာလီကပြောသည်။
ဆက်သွယ်ရေးစက်များသည် နယ်ပယ်စုံစစ်ဆင်ရေး (ကြည်း၊ ရေ၊ လေ၊ မရိန်း) ကို စွမ်းဆောင်နိုင်ရေးအတွက် ကြည်းတပ်၏နည်းဗျူဟာကွန်ရက်ကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ယင်းဆက်သွယ်ရေးစက်များသည် အနာဂတ်စစ်မြေပြင်တွင် ရာသီဥတုမျိုးစုံဒဏ်ကို ခံနိုင်ရုံသာမက ရန်သူ၏ကြားဖြတ်နှောက်ယှက်မှုကိုပါ ခံနိုင်ရည်ရှိသည့်ဆက်သွယ်ရေးစက်များဖြစ်သည်။
အဆိုပါ တစ်ကိုယ်ရည်သုံးဆက်သွယ်ရေးစက်များသည် နည်းဗျူဟာဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြု ထားသည့် Mobile Objective User System (MUOS) ကိုအသုံးပြု၍ ဆက်သွယ်နိုင်သောကြောင့် ပို့/ဖမ်း အ သံလွင့်တာဝါတိုင်များအသုံးပြုရသည့်အကန့်အသတ်ရှိသော line-of-sight communications capabilities ထက်ကျော်လွန်၍ အသုံးပြုနိုင်စွမ်းရှိကြောင်းသိရသည်။
Ref: Army Drops Nearly $350M For New Radios After Two Years of Testing
#PeopleMedia
(unicode)
………………………………………………………………………
Ref: Army Drops Nearly $350M For New Radios After Two Years of Testing
#PeopleMedia