အောက်ဆီဂျင်စနစ်ချွတ်ယွင်းသဖြင့် တရုတ်ရေငုပ်သင်္ဘောတစ်စီးမှ တပ်ဖွဲ့ဝင်များသေဆုံးဟုဆို
PUBLISHED - October 4, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၄
ပင်လယ်ဝါထဲမှာ ဗြိတိန်စစ်သင်္ဘောတွေကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ကြိုးစားရင်း တရုတ်ရေငုပ်သင်္ဘောတစ်စီးဟာ အောက်ဆီဂျင်စနစ်ပျက်စီးသွားတဲ့အတွက် တရုတ်ရေတပ်တပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးသွားခဲ့ကြောင်း Mail Online သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်ရဲ့ အမှတ် 093-417 ရေငုပ်သင်္ဘောဟာ အောက်ဆီဂျင် စနစ်ပျက်စီးသွားပြီးနောက် သင်္ဘောထဲမှာ အဆိပ်သင့်ပြီး တပ်ဖွဲ့ဝင်တွေသေဆုံးသွားတာဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ အဲဒီအဖြစ်အပျက်ကို ငြင်းဆိုခဲ့သလို အဲဒီရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး နိုင်ငံတကာ အကူအညီတောင်းခံဖို့ကိုလည်း ငြင်းဆိုခဲ့ပုံရတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့က ပင်လယ်ဝါထဲမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတုန်း တရုတ်ရေငုပ်သင်္ဘော တစ်စီးဟာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေးသတင်းတွေက ပြောပါတယ်။
ရေငုပ်သင်္ဘောအောက်ဆီဂျင်စနစ်ပျက်စီးမှုဖြစ်စဉ်မှာ သင်္ဘောကပ္ပတိန် ဗိုလ်မှူးကြီး ရွဲှယောင်ပန်းအပါအဝင် အရာရှိ ၂၂ ဦး၊ ဗိုလ်လောင်း ၇ ဦး၊ ရေတပ်တပ်ကြပ်ကြီး (petty officer) ၉ ဦး၊ တပ်ဖွဲ့ဝင်စစ်သည် ၁၇ ဦး စုစုပေါင်း ၅၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့သိသလောက်ကတော့ ရေငုပ်သင်္ဘောက စနစ်တစ်ခုချွတ်ယွင်းသွားတဲ့အတွက် အောက်ဆီဂျင် မလုံလောက်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြတာလို့ သိရပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက ရေငုပ်သင်္ဘောတွေ ရေအောက်မှာ ငြိမိအောင်လု့ိ တရုတ်ရေတပ်က အသုံးပြုတဲ့ ချိန်းကြိုးတစ်ခုနဲ့ ကျောက်ဆူးကို တိုက်မိသွားပါတယ်။” လို့ ဗြိတိန်ထောက်လှမ်းရေးတစ်ဦးက ပြောပါတယ်။
“အဲဒီလို တိုက်မိခဲ့တာကြောင့် ခြောက်နာရီအတွင်း ပြန်လည်ပြင်ဆင်ပြီး ရေငုပ်သင်္ဘောကို ရေပေါ်ပြန်တက်ဖို့ လုပ်ဆောင်ခဲ့ရတယ်။ ဒါပေမဲ့ အောက်ဆီဂျင်စနစ်တစ်ခုချွတ်ယွင်းသွားပြီးနောက် တပ်ဖွဲ့ဝင်တွေ အဆိပ်မိသလို ဖြစ်သွားခဲ့ကြတယ်။” လို့ ၎င်းက ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းအတည်ပြုမှုလုံးဝမရရှိသေးဘူးလို့ ဆိုပါတယ်။ တရုတ်အစိုးရက တော့ အခုသတင်းဟာ လုံးဝမှားယွင်းတဲ့သတင်းဖြစ်ကြောင်း ပြောဆိုပြီး လွတ်လပ်စွာစုံစမ်းမေးမြန်းခွင့်ကို ပယ် ချထားပါတယ်။ Mail Plus သတင်းဌာနက အခုသတင်းနဲ့ပတ်သက်ပြီး ဆွေးနွေးမေးမြန်းဖို့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ဗြိတိန်တော်ဝင် ရေတပ်ကို ချဉ်းကပ်ခဲ့ပေမဲ့ ဗြိတိန်အရာရှိတွေက ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို အခြေခံထားတဲ့ ဗြိတိန်အစိုးရအစီရင်ခံစာ ကို အထူးလျှို့ဝှက်အဆင့်အတန်းအဖြစ်သတ်မှတ်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ Type 093 ရေငုပ်သင်္ဘောတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တပ်တော်ဝင်ခဲတာဖြစ်ပြီး ၃၅၁ ပေ ရှည်လျားတဲ့ အဲဒီရေငုပ်သင်္ဘောတွေမှာ တော်ပီဒိုတွေတပ်ဆင်ထားပါတယ်။
Type 093 ရေငုပ်သင်္ဘောတွေဟာ ပိုမိုခေတ်မီတဲ့ရေငုပ်သင်္ဘောတွေဖြစ်ပြီး ဆူညံသံလျော့ပါးတဲ့အတွက် လူသိများထင်ရှားတဲ့ ရေငုပ်သင်္ဘောတွေဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Fifty-five Chinese sailors are feared dead after their nuclear submarine ‘got caught in a trap intended to ensnare British sub-surface vessels in the Yellow Sea’
#PeopleMedia