အောက်တိုဘာ ၇ ရက်နေ့ကတည်းက အမေရိကန်က အစ္စရေးကို ပေါင် ၂၀၀၀ ဗုံး သောင်းကျော်အပါအဝင် ခဲယမ်းမြောက်မြားစွာ ပို့ဆောင်ပေးခဲ့

PUBLISHED - June 29, 2024
နိုင်ငံတကာ၊ ဇွန် ၂၉
အမေရိကန်ဂျိုးဘိုင်ဒန်အစိုးရဟာ ဂါဇာစစ်ပွဲစတင်ကတည်းက ပေါင် ၂၀၀၀ ဗုံး ၁၀၀၀၀ ကျော်နဲ့ ဟဲလ်ဖိုင်းယား ဒုံးကျည်ထောင်ပေါင်းများစွာအပါအဝင် ခဲယမ်းအမြောက်အမြား အစ္စရေးကို ပို့ဆောင်ပေးခဲ့ကြောင်း နောက်ဆုံး ပို့ဆောင်ပေးခဲ့တဲ့ခဲယမ်းစာရင်းတွေကို အခြေခံပြီး အမေရိကန် အရာရှိနှစ်ဦးက ပြောကြားလိုက်ပါတယ်။
စစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီကနေ့အချိန်အထိ အမေရိကန်ပြည်ထောင်စုဟာ MK-84 ပေါင် ၂၀၀၀ ဗုံး ၁၄,၀၀၀ ၊ ပေါင် ၅၀၀ ဗုံး ၆,၅၀၀၊ ဟဲလ်ဖိုင်းယား ဝေဟင်-မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည် ၃,၀၀၀၊ ဘန်ကာဖျက်ဗုံး ၁,၀၀၀၊ လေယာဉ်သုံး အငယ်စားဗုံး ၂,၆၀၀ နဲ့ တခြား ခဲယမ်းမျိုးစုံကို တင်ပို့ပေးခဲ့ကြောင်း အ မည်မဖော်လိုတဲ့ အဆိုပါအရာရှိနှစ်ဦးက ပြောပါတယ်။
အစ္စရေးကို လက်နက်ခဲယမ်းမတင်ပို့ဖို့ နိုင်ငံတကာက တောင်းဆိုနေပြီး လတ်တလော ဖျက်အားပြင်းလက်နက် တွေတင်ပို့တာရပ်ဆိုင်းထားဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပေမဲ့ ၎င်းရဲ့အဓိကမဟာမိတ်နိုင်ငံအတွက် အမေရိကန်အစိုး ရအနေနဲ့ လက်နက်တင်ပို့မှုကို လျှော့ချမယ့်အရိပ်အယောင် လုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။
ဂါဇာစစ်ပွဲဖြစ်ပွားနေတဲ့ ၈ လအတွင်း သုံးစွဲလိုက်တဲ့ ခဲယမ်းတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အမေရိ ကန်က အခုလို ခဲယမ်းတွေ အဆက်မပြတ်တင်ပို့ပေးနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အခုလို အများအပြားပို့ပေးနေတဲ့ ခဲယမ်းတွေကို ဟားမတ်စ်တွေနဲ့ဖြစ်ပွားတဲ့ စစ်ပွဲမှာ အသုံးပြုသွားမှာဖြစ်သလို ဟစ်ဘိုလာတွေနဲ့ ဖြစ်ပွားလာနိုင်တဲ့စစ်ပွဲအတွက်လည်း အသုံးပြုသွားနိုင်ကြောင်း မဟာဗျူဟာနဲ့ နို်င်ငံတကာ လေ့လာရေးဌာနက လက်နက်ကျွမ်းကျင်သူ တွမ်ကာရာကိုက ပြောပါတယ်။
အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့တို့ဟာ ဂါဇာစစ်ပွဲစတင်ကတည်းက နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတဲ့အတွက် ဒေသတွင်းစစ်ပွဲကြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
အခုနောက်ဆုံးပိုပဆောင်တဲ့ ခဲယမ်းတွေဟာ ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေးကို ထောက်ပံ့ခဲ့တဲ့ စစ်လက် နက်ပစ္စည်းတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အောက်တိုဘာ ၇ ရက်နေ့ကစပြီး အစ္စရေးကို စစ်ရေးအကူအညီပေးခဲ့တာ ဒေါ်လာ ၆.၅ ဘီလျံရှိသွားပြီဖြစ်ကြောင်း ထိပ်တန်းအစိုးရအရာရှိကြီးတစ်ဦးက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
Ref: US has sent Israel thousands of 2,000-pound bombs since Oct. 7
#PeopleMedia