• Follow Us on

Home အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူတရားခံ အမျိုးသား ၇ ဦးအား (၁၂) ရက်အတွင်း ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူတရားခံ အမျိုးသား ၇ ဦးအား (၁၂) ရက်အတွင်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဧပြီ ၉

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသားခုနစ်ဦးအား (၁၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များပုံသဏ္ဍာန် အသွင်ယူဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်မော်တော်ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိ လာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ် အပေါ် ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ် တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန်(၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင် သွားခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းထောက် လှမ်းခြင်း၊ ခေတ်မီနည်းပညာအကူအညီများ ရယူအသုံးပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သည့် တရားခံလေးဦးတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခ ရပ်ကွက်နေ မြတ်သူအောင်(၂၄)နှစ်အား ဧပြီလ ၇ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်း၏နေအိမ်တွင် စတင်တွေ့ရှိဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူ တရားခံမြတ်သူအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်နေ စိုးမိုးဦး(၂၄)နှစ်၊ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ်၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ်တို့အား ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓါးပြတိုက်ရန် သတင်းပေးခဲ့သူ ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်၊ လုယက်၊ ဓါးပြတိုက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊  ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ်၊ လုယက်၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနတ်ဝယ်ယူပေးသူ၊ ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အမှုမှ တရားခံ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး (ခ)တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နှင့် ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့(၇)ဦးအား ပြစ်မှု ဖြစ်ပွားပြီး (၁၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပါဆုံးသက်သေခံရွှေထည် ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိ ခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post