အွန်လိုင်းငွေကြေးစနစ်အစီအစဉ် ရပ်ဆိုင်းဖို့ သက်ဆင်က ဖီယူထိုင်းပါတီကိုပြော
PUBLISHED - August 16, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၆
အာဏာရဖီယူထိုင်းပါတီအနေနဲ့ ၎င်းတို့ဆောင်ရွက်နေတဲ့ digital wallet အစီအစဉ်ခေါ် အွန်လိုင်းငွေကြေးစနစ် ကို စွန့်လွှတ်လိုက်ဖို့ ဖီယူထိုင်းပါတီ ခေါင်းကိုင်ဖခင်ကြီး သက်ဆင်ရှင်နာဝပ်ထရာက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် ရာထူးကဖယ်ရှားခံလိုက်ရပြီးနောက် ချန်ဆောင်လာအိမ်ကြီးမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဖီယူထိုင်းပါတီထိပ်တန်းအကြီးအကဲတွေရဲ့အစည်းအဝေးမှာ သက်ဆင်က အခုလိုပြောကြားခဲ့တာ ဖြစ်ကြောင်း ပါတီသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကောင့်တစ်ခုကို ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးပြီး ဘတ်ငွေ ဘီလျံ ၄၅၀ သုံးစွဲသွားမယ့် အဆိုပါ digital wallet အစီအစဉ်ကို ရပ်တန့်လိုက်ဖို့ ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာကို ဖခင်ဖြစ်သူ ဝန်ကြီး ချုပ်ဟောင်း သက်ဆင်က ပြောကြားတာဖြစ်ပါတယ်။
တိုင်းပြည်စီးပွားရေးအားနည်းနေတဲ့အတွက် အဲဒီအွန်လိုင်းငွေကြေးစနစ်ကို ရပ်တန့်သင့်တာဖြစ်တယ်လို့ သက် ဆင်က ပေထောင်တန်ကို ရှင်းပြပါတယ်။
ဒီအွန်လိုင်းငွေကြေးစနစ်က နိုင်ငံတွင်း ငွေကြေးသုံးစွဲမှု မြှင့်တင်ဖို့အတွက် ဆောင်ရွက်မှာဖြစ်ပေမဲ့ အစိုးရဘတ် ဂျက်အများအပြားကို သုံးစွဲမှာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒီအစီစဉ်ကို ငွေကြေးဘယ်လိုထောက်ပံ့ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဝေခွဲမရဖြစ်နေပြီးနောက် နောက်ဆုံးမှာ အစိုးရက ကုန်ကျစရိတ် ဘီလျံ ၅၀၀ ကနေ ၄၅၀ အထိ လျှော့ချလိုက်ပြီး အဲဒီဝန်ထုပ်ဝန်ပိုးကို ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်နဲ့ ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်ကို ခွဲဝေချထားပေးလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က သက်ဆင်အိမ်က အစည်းအဝေးအပြီးမှာတော့ ကြားဖြတ်အစိုးရ ဒုတိယဘဏ္ဍာရေးဝန်ကြီးဂျူလာ ပန်အမွန်းဗီဗတ်က အွန်လိုင်းငွေကြေးစနစ်နဲ့ပတ်သက်တဲ့ ၎င်းရဲ့ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပါတယ်။
မူလကတော့ ဂျူလာပန်ဟာ “ဆရက်ထာ ဘာပဲဖြစ်ဖြစ် ဒီအွန်လိုင်းငွေကြေးအစီအစဉ်ကို ဆက်လက်ဆောင် ရွက်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာတော့ “ဒီအွန်လိုင်းငွေကြေးစနစ် အစီအစဉ်ရဲ့ကံကြမ္မာ ဟာ အသစ်တက်ရောက်လာမယ့် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ပေါ်မှာပဲ” မူတည်နေတယ်လို့ ၎င်းကပြောပါတယ်။
အွန်လိုင်းငွေကြေးစနစ် (digital wallet) အစီအစဉ် ဆက်လက်ဖြစ်မှာလားဆိုတာကို ၎င်းအနေနဲ့ အတည်မပြု နိုင်ကြောင်း သတင်းထောက်ေွကို ဂျူလာပန်က ပြောပါတယ်။
“ဝန်ကြီးချုပ်အသစ်တက်လာပြီး အစိုးရသစ်ဖွဲ့စည်းပြီးတော့မှာ အစိုးရအဖွဲ့က အဲဒီအစီအစဉ်ကို လွှတ်တော်ကို နောက်ထပ်တစ်ခေါက် တင်ပြရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Thaksin tells Pheu Thai to abandon digital wallet scheme: sources
#PeopleMedia