• Follow Us on

Home ဥရောပက အမေရိကန်နျူကလီးယားလက်နက်တွေ အကုန်လုံး ဖယ်ရှားပေးဖို့ ရုရှားတောင်းဆို

ဥရောပက အမေရိကန်နျူကလီးယားလက်နက်တွေ အကုန်လုံး ဖယ်ရှားပေးဖို့ ရုရှားတောင်းဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၀

 

အမေရိကန်အနေနဲ့ ဥရောပက နျူကလီးယားလက်နက်အားလုံးကို ဖယ်ရှားပစ်ဖို့နဲ့ နျူကလီးယားလက်နက်တွေ တပ်ဖြန့်ချထားဖို့အတွက် အခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းပစ်ဖို့ ရုရှားနိုင်ငံက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၉ ရက်နေ့) က တောင်းဆိုလိုက်ပါတယ်။

 

အမေရိကန်နျူကလီးယားလက်နက်တွေဟာ ဥရောပတိုက်မှာ အန္တရယ်အရှိဆုံး လုံခြုံရေးပြဿနာကို ဖန်တီးနေ တာဖြစ်ကြောင်း မော်စကိုမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့် ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ပြောပါတယ်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့တောင်းဆိုမှုတွေက မပြောင်းလဲပါဘူး။ အဲဒီတောင်းဆိုမှုတွေထဲမှာ ဥရောပမှာ ရှိတဲ့ အမေရိကန်နျူကလီးယားလက်နက်တွေအားလုံး ပြန်လည်ရုပ်သိမ်းသွားဖို့ရော အဲဒီလက်နက်တွေ တပ်ဖြန့် ချထားဖို့ ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းသွားဖို့ရောပါပါတယ်။” လို့ ဇာခါရိုဗာက ပြောပါတယ်။

 

မဟာမိတ်နိုင်ငံတွေအနေနဲ့ နျူကလီးယားလက်နက်တွေ အသင့်ပြင်ထားဖို့ လိုအပ်တယ်ဆိုတာကို စတင်ဆွေး နွေးနေပြီဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်က ပြောကြားလိုက်ပြီးနောက်မှာ အခုလို ဇာခါရိုဗာရဲ့ ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေဟာ ၎င်းတို့ရဲ့နျူကလီးယားလက်နက်တွေကို ပြန်လည်ပြင်ဆင်နေရာ ချထားမှာဖြစ်ကြောင်း ဂျန်းဆော့တန်းဘာ့ဂျ်က ဗြိတိန်သတင်းစာ The Daily Telegraph ကို ပြောပါတယ်။

 

နျူကလီးယားလက်နက်တွေသယ်ဆောင်ရေးနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးတွေဆောင်ရွက်ဖို့အတွက် လေသူရဲ လေ့ကျင့်ရေးတွေအပါအဝင် အမေရိကန်ရဲ့စစ်ရေးလေ့ကျင့်မှုတွေမှာ ဂျပန်နိုင်ငံပါဝင်ဆောင်ရွက်မယ့်အရေးကို လည်း စိုးရိမ်ပူပန်မိကြောင်း ဇာခါရိုဗာက ပြောပါတယ်။

 

အမေရိကန်အစိုးရဟာ ရုရှားနဲ့ တရုတ်ကို ဆန့်ကျင်ဖို့အတွက် ဂျပန်နဲ့ တောင်ကိုရီးယားကို အသုံးပြုနေကြောင်း ဇာခါရိုဗာက စွပ်စွဲပြောဆိုလိုက်ပြီး နျူကလီးယားလက်နက်တွေအသုံးပြုပြီး ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခတစ်ခု ရဲ့ အနာဂတ်ဖြစ်နိုင်ခြေအခြေအနေတွေကို ကြိုတင်စီမံနေတဲ့အပြုအမူဟာ တင်းမာမှုတွေကို ထပ်မံမြင့်တက်စေ ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေသလို ဒေသတစ်ခုကို နျူကလီးယားဘေးဒုက္ခချောက်ကမ်းပါးကြီးထဲ ကျရောက်အောင် တွန်းပို့နေတာဖြစ်ကြောင်း ပြောပါတယ်။

 

အမေရိကန်ရဲ့ ကိုရီးယားကျွန်းဆွယ်အပေါ်ထားတဲ့ မူဝါဒဟာ ရန်လိုတဲ့မူဝါဒဖြစ်ပြီး အမေရိကန်အစိုးရဟာ နောက်ထပ်ဒေသတစ်ခုကို အမှတ် ၂ အရှေ့အလယ်ပိုင်းအဖြစ် အသွင်ပြောင်းပြီး လုံးဝ ဖရိုဖရဲဝရုန်းသုန်းကား ဖြစ်သွားအောင် ကြိုးစားနေကြောင်း ဇာခါရိုဗာက ပြောပါတယ်။

 

“အဲဒီအခြေအနေဟာ သူတို့အတွက်တော့ သိပ်ကောင်းမှာပေါ့။ ဘာလို့လဲဆိုတော့ အမေရိကန်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် ကန်ထရိုက်စာချုပ်သစ်တွေရမယ်လေ။ သူတို့နိုင်ငံသားတွေကို သီး သန့်အခွင့်အရေးတွေပြဖို့အတွက် နောက်ထပ် အခွင့်အလမ်းရမယ်လေ။ အဲဒီဝရုန်းသုန်းကားအခြေအနေကို ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ စွမ်းရည်ပြခွင့်ရမယ်လေ။ နိုင်ငံတကာရေးရာနယ်ပယ်မှာ တန်ဖိုးတွေ မြှင့်တင်နိုင် မယ်လေ။” လို့ ၎င်းက ပြောပါတယ်။

 

အနာဂတ်မှာ ဥရောပအရှေ့ဘက်ကို ခြိမ်းခြောက်လာမှုမှန်သမျှ ရုရှားနိုင်ငံရဲ့ တိုးမြှင့်ထားတဲ့ ကာကွယ်ရေးစွမ်း ရည်တွေနဲ့အတူ လုံလောက်တဲ့အရေးယူဆောက်ရွက်မှုကို ရင်ဆိုင်ရမှာဖြစ်ကြောင်း ၎င်းက သတိပေးပါတယ်။

 

Ref: Russia demands withdrawal of US nuclear arms from Europe

 

#PeopleMedia


Share this post