• Follow Us on

Home ဥရောပသမဂ္ဂက ပထမအသုတ်အဖြစ် ယူကရိန်းကို အမြောက်ကျည် ၂၂၄,၀၀၀ ပေးပို့

ဥရောပသမဂ္ဂက ပထမအသုတ်အဖြစ် ယူကရိန်းကို အမြောက်ကျည် ၂၂၄,၀၀၀ ပေးပို့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄

 

ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံအတွက် အမြောက်ကျည် တစ်သန်းထောက်ပံ့ဖို့ စီစဉ်ထားရာ ပထမ အသုတ်အဖြစ် အမြောက်ကျည် ၂၂၃,၈၀၀ ကို ပေးပို့လိုက်ကြောင်း ဥရောပသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၁၁ ရက်နေ့ (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းတပ်တွေအနေနဲ့ အမြောက်/လက်နက်ကြီးကျည်ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် ယူက ရိန်းနိုင်ငံကို အမြောက်ကျည်တွေထောက်ပံ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံ က အခုနှစ်အစောပိုင်းမှာ ကတိပြုခဲ့ကြပါတယ်။

 

တစ်နှစ်အတွင်း ယူကရိန်းနိုင်ငံကို အမြောက်ကျည် တစ်သန်းပေးပို့နိုင်ရေးအတွက် ၎င်းတို့နိုင်ငံတွေရဲ့ လက်နက်တိုက်ခဲယမ်းသိုလှောင်မှုတွေကိုမြှင်တင်ဖို့ ယူရိုငွေ နှစ်ဘီလျံသုံးစွဲမယ့်စီမံချက်တစ်ခုကို အဖွဲ့ဝင်နိုင်ငံတွေက သ ဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

 

စီမံချက်ရဲ့ ပထမဦးဆုံးအဆင့်အဖြစ် ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ၎င်းတို့လက်ရှိလက်နက်တိုက်ထဲက ထုတ်ပေး ခဲ့ကြတဲ့ အမြောက်ကျည်တွေအတွက် တန်ဖိုးတစ်ဝက်ကို ပြန်လည်ထုတ်ပေးနိုင်ဖို့ ဖေဖော်ဝါရီလ ၉ ရက်နေ့နဲ့ မေလ ၃၁ ရက်နေ့ကြားမှာ ယူရိုငွေ ၁ ဘီလျံကို ကြိုတင်လျာထားခဲ့ကြပါတယ်။

 

“အဖွဲ့ဝင်နိုင်ငံတွေဟာ တာဝေးပစ် ယာဉ်တင်အမြောက်ကျည်တွေ၊ ပဲ့ထိန်းလမ်းညွှန်အမြောက်ကျည်တွေ၊ စိန်ပြောင်းကျည်တွေ ၂၂၃,၈၀၀ တောင့်နဲ့ ဒုံးကျည်အမျိုးအစားအမျိုးမျိုး ၂,၃၀၀ ကို ယူကရိန်းနိုင်ငံကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။” လို့ ဥရောပသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် ပီတာစတာနိုက ပြောပါတယ်။

 

စုစုပေါင်းပို့ဆောင်ခဲ့တဲ့ အမြောက်ကျည်/ ဒုံးကျည်မျိုးစုံတန်ဖိုးဟာ ယူရိုငွေ ၁.၁ ဘီလျံရှိကြောင်း ဥရောပ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။

 

အခုပို့ဆောင်မှုဟာ ရည်မှန်းချက်ကို ပြည့်မီခြင်းမရှိသေးကြောင်း ပြောဆိုရင်း အခုပို့လိုက်တဲ့ အစိတ်အပိုင်း တချို့အတွက်သာ ဥရောပသမဂ္ဂက ကုန်ကျစရိတ်ပြန်လည်ထုတ်ပေးနိုင်ဦးမှာဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြောပါတယ်။

 

သောကြာနေ့က ပေးပို့လိုက်တဲ့ အမြောက်ကျည်အရေအတွက်ဟာ မေလနှောင်းပိုင်းက ဥရောပသမဂ္ဂနိုင်ငံ ခြား ရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ်ကြေညာခဲ့တဲ့ အမြောက်ကျည်အရေအတွက် ၂၂၀,၀၀၀ ထက် အနည်းငယ်သာ ပိုတယ်လို့ဆိုပါတယ်။

 

စီမံချက်ရဲ့ ဒုတိယအဆင့်အဖြစ် ဥရောပသမဂ္ဂကာကွယ်ရေးအေဂျင်စီဟာ ၁၅၅ မမ အမြောက်ကျည်တွေနဲ့ ဒုံး ကျည်တွေ ပူးပေါင်းဝယ်ယူနိုင်ဖို့အတွက် ဥရောပနိုင်ငံတွေက လက်နက်/ခဲယမ်းထုတ်လုပ်ရေး ကုမ္ပဏီ တွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းလျက်ရှိပါတယ်။

 

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့အနေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲဖြစ်ပွား ကတည်းက ဒီကနေ့အချိန်အထိ စုစုပေါင်းယူရိုငွေ ဘီလျံ ၂၀ တန်ကြေးရှိ လက်နက်/ခဲယမ်းမျိုးစုံကို ထောက်ပံ့ခဲ့ကြောင်း ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုကလည်း ဇူလိုင်လ ၂၅ ရက်နေ့အထိ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၄၃.၇ ဘီလျံ တန်ကြေးရှိ လက်နက်/ခဲယမ်းများထောက်ပံ့ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲအတွက် နောက်ထပ် ဒေါ်လာ ၁၃ ဘီလျံသုံးစွဲခွင့်ပြုဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို အမေ ရိကန်အစိုးရက ကြာသပတေး (သြဂုတ်လ ၁၀ ရက်နေ့) က တင်ပြထားပါတယ်။

 

Ref: EU delivers Ukraine 224,000 shells under ammo plan

 

#PeopleMedia


Share this post