ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတချို့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်သွားဖို့ စဉ်းစားနေကြောင်း ဆလို ဗက်ဝန်ကြီးချုပ်ပြော
PUBLISHED - February 27, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတချို့ဟာ ၎င်းတို့တပ်ဖွဲ့ တွေကို ယူကရိန်းကို စေလွှတ် သွားဖို့ စဉ်းစားနေကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီဆိုက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၆ ရက် နေ့) က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အာဏာရတဲ့အချိန်ကစပြီး ဝန်ကြီးချုပ်ဖီဆိုဟာ ဆလိုဗက်ကီးယားနဲ့ ယူကရိန်း နိုင်ငံကြား ဆက်ဆံရေးအေးခဲစေမယ့် စကားတွေကို တောက်လျှောက်ပြောဆိုခဲ့ပါတယ်။
“နေတိုးအဖွဲ့ဝင်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ လေးငါးနိုင်ငံဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ် ပေးဖို့ စဉ်းစားနေပါတယ်။” လို့ အစိုးရအစည်းအဝေးတစ်ခုအပြီးမှာ ဖီဆိုက သတင်းထောက်တွေကို ပြောပါ တယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အသေးစိတ်ပြောကြားဖို့ ၎င်းမှာ အခွင့်အာဏာမရှိကြောင်း ပြောဆိုရင်း ဒီသတင်းဘယ် ကရသလဲဆိုတဲ့အကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ယူကရိန်းနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့ အကူအညီတွေ မြှင့်တင်ဖို့ ရည်ရွယ်ပြီး ပြင်သစ်သမ္မတအီမန်နျူ ရယ်မက်ခရွန် ကမကထလုပ်ဆောင်ရွက်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ပဲရစ်မြို့မှာ မကျင်းပခင် ဖီဆိုက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
“နေတိုးအဖွဲ့ဝင်နိုင်ငံတချို့နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က သူတို့တပ်ဖွဲ့ဝင်တွေကို ယူကရိန်းနို်င်ငံကို စေ လွှတ်ချင်နေတာကြောင့် မကြာခင်ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေထဲမှာ လုံခြုံရေး အန္တရာယ်တွေ ကြီးကြီးမားမားရှိလာနိုင်တာကို ကျွန်တော်တို့ မြင်နေရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အခုလိုဆုံးဖြတ်ချက်မျိုးဟာ အင်မတန်ကြီးမားတဲ့ တင်းမာမှုကြီးတစ်ခုဖြစ်ပေါ်လာစေနိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားပါတယ်။
ဖီဆိုဟာ အရင်တုန်းက ယူကရိန်းရဲ့အချုပ်အခြာအာဏာကို မေးခွန်းထုတ်ခဲ့ပြီး ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံနဲ့ အပေးအယူလုပ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာလအတွင်း အာဏာရလာပြီးနောက်နေ့မှာ ဆလိုဗက်ကီးယားနိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေး အကူအညီပေးနေတာတွေ ရပ်တန့်လိုကတော့မှာဖြစ်ကြောင်း ဖီဆိုက ကြေညာခဲ့ပါတယ်။
“ဥရာပသမဂ္ဂအဖွဲ့ကြီးဟာ ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ကနေ ငြိမ်းချမ်း ရေးဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲသင့်တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Slovak PM Claims EU, NATO States Mulling Sending Troops to Ukraine
#PeopleMedia