ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံသွားမှာဖြစ်သလို မက္ကဆီကို၊ ကနေဒါ၊ တရုတ်တို့ ကိုလည်း တိုးမြှင့်ကောက်ခံသွားဖို့ စဉ်းစားနေကြောင်း ထရမ့်ပြော

PUBLISHED - January 22, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ် လိုက်သလို တရုတ်နိုင်ငံထုတ် နာကျင်မှုကိုသက်သောစေတဲ့ ဖန်တနိုင်း (fentanyl) ဆေးကို မက္ကဆီကို၊ ကနေဒါတို့က တစ်ဆင့် တင်သွင်းနေတဲ့အတွက် တရုတ်နိုင်ငံကို သွင်းကုန်အခွန် ၁၀% တိုးမြှင့်ကောက်ခံဖို့ ဆွေးနွေးနေတယ်လို့ ပြော ကြားလိုက်ပါတယ်။
မဲဆွယ်ပွဲတုန်းက ပြောထားတဲ့အတိုင်း သွင်းကုန်အခွန်တွေကို ချက်ချင်းတိုးမြှင့်ကောက်ခံခြင်းမရှိသေးဘဲ အာဏာရပြီး တစ်ရက်အကြာ အိမ်ဖြူတော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရေး ခြိမ်း ခြောက်မှုအကြောင်းကို ထရမ့်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ငွေကြေးဈေးကွက်တွေနဲ့ ကုန်သွယ်ရေးအုပ်စုတွေက ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) က သက်ပြင်းချခဲ့ပေမဲ့ ထရမ့်ရဲ့ နောက်ဆုံးပြောကြားချက်တွေက အခွန်တိုးမြှင့်ကောက်ခံဖို့နဲ့ တရုတ်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကနေဒါနဲ့ မက္ကဆီ ကိုတို့အပေါ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သွင်းကုန်အခွန် ၂၅% ကောက်ခံမယ်ဆိုတဲ့ ၎င်းရဲ့ဆန္ဒကို ထုတ်ဖော်ပြသနေ တယ်လို့ ဆိုပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေဟာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရာမှာ အမေရိကန်အတွက် ဒုက္ခဖြစ်လောက်အောင် ကုန်သွယ်မှုအသာစီးရနေကြောင်း ထရမ့်က ပြောပါတယ်။
“ဥရောပသမဂ္ဂဟာ ကျွန်တော်တို့အတွက် အတော့် အတော် အတော်လေးကို ဆိုးရွားလွန်းပါတယ်။ ဒါ့ကြောင့် အဲဒီနိုင်ငံ တွေကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ ဒါဟာ တခြားဘက်လိုက်မှုတွေမရှိဘဲ မျှမျှတတ ဆက်ဆံ တဲ့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ကနေဒါနဲ့ မက္ကဆီကို အနေနဲ့လည်း အမေရိကန်နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံက အကြိုဓာတုဆေးအစိတ်အပိုင်းတွေ တင်သွင်းနေတာအပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖန်တနိုင်း (fentanyl) ဆေးတွေ တင်သွင်းနေတာ ကို ကန့်သတ်တားဆီးတာမျိုးမလုပ်ဘူးဆိုရင် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံသွားဖို့ စဉ်းစားနေကြောင်း ထရမ့်က တနင်္လာနေ့က ပြောပါတယ်။
ကနဦးကတော့ တရုတ်သွင်းကုန်တွေအပေါ် သွင်းကုန်အခွန် ၁၀% ကောက်ခံမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပေမဲ့ ဖေ ဖော်ဝါရီ ၁ ရက်နေ့ စတင်ဆောင်ရွက်ဖို့ သတ်မှတ်ထားတဲ့ အဲဒီအစီအစဉ်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ကနေဒါနဲ့ မက္ကဆီကိုကို သွင်းကုန်အခွန်တွေ တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်ခြိမ်းခြောက်တာဟာ တရားမဝင် ဝင်ရောက် နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဆေးဝါးတင်သွင်းမှုတွေ ရပ်ဆိုင်းသွားအောင်လို့ အဲဒီနှစ်နိုင်ငံကို ဖိအား ပေးဖို့ဖြစ်ကြောင်း အိမ်ဖြူတော် ကုန်သွယ်ရေးအကြံပေးအရာရှိ ပီတာနာဗာရိုက CNBC သတင်းဌာနကို အင်္ဂါနေ့အစော ပိုင်းက ပြောပါတယ်။
“ကနေဒါ၊ မက္ကဆီကို၊ တရုတ်တို့ကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံဖို့ ဘာ့ကြောင့်စဉ်းစားနေရတာလဲဆိုတဲ့အကြောင်း က ဖန်တနိုင်း (fentanyl) ဆေးကို အလွန်အကျွံသောက်သုံးပြီး နေ့စဉ် အမေရိကန်လူမျိုး ၃၀၀ သေဆုံးနေလို့ပဲဖြစ်ပါ တယ်။” လို့ ပီတာနာဗာရိုက ပြောပါတယ်။
နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုပိတ်ပင်ခြင်း အပါအဝင် ရွှေ့ပြောင်းသွားလာမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမှာဖြစ် ကြောင်း ထရမ့်က တနင်္လာနေ့က ပြောပါတယ်။
Ref: Trump Stirs Tariff Pot with Fresh Threats on EU, Feb 1 China Deadline: Reuters
#PeopleMedia