ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ တရားမဝင် ရွှေတူးဖော်နေမှုများကို ဖမ်းဆီအရေးယူမှုများ ဆောင်ရွက်နေ

PUBLISHED - March 26, 2025
မြစ်ကြီးနား၊ မတ် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကြောင်းများအတွင်းနှင့် မြစ်ကမ်းတစ်လျှောက်တွင် တရားမဝင် ရွှေတူးဖော်နေမှုများကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖမ်းဆီအရေးယူမှုများ ဆောင်ရွက်လျှက်ရှိသည်။
မြစ်ကြီးနားမြို့အထက်ပိုင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မတ်လ ၁၄ ရက်မှ မတ်လ၂၀ ရက်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်းချက်များအရ သယံဇာတရေးရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့၊ သတ္တုတွင်းဦးစီးဌာနမှ ဦးဆောင်၍အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ အမှတ်(၂) မြို့မရဲစခန်းနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ရာ တရားမဝင်ရွှေတူးဖော်နေမှုများကို ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားမြို့နယ်အတွင်း နောင်နန်းကျေးရွာ၊ လမြန်ကျေးရွာအနီးနှင့် ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာ၊ မခေါဒီကျေးရွာ၊ မိုင်းနားကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မျှောဖောင် (ဝါးဖောင်)များဖြင့် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့သည်။
ယင်းသို့ဖမ်းဆီးရာတွင် နောင်နန်းကျေးရွာ၊ လမြန်ကျေးရွာအနီးနှင့် ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာ၊ မခေါဒီကျေးရွာ၊ မိုင်းနားကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်းအတွင်း အထက်ဘက်နှင့် အောက်ဘက်တွင် တရားမဝင်ရွှေတူးဖော်နေသည့် မျှောဖောင်(ဝါးဖောင်) ၃၂ စီးခန့်နှင့်အတူ အခြားဆက်စပ်ပစ္စည်းများကို မတ်လ ၂၀ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်ရွှေတူးဖော်ခဲ့သည့် မျှောဖောင်(ဝါးဖောင်) ၃၂ စီးခန့်အနက်မှ သိမ်းဆည်းသယ်ဆောင်ရန်ခက်ခဲသည့် မျှောဖောင်(ဝါးဖောင်) (၂၀)စီးအား ဖမ်းဆီးရမိခဲ့သောနေရာများ၌ မီးရှို့ဖျက်ဆီးခဲ့သည်။
၎င်းအပြင် နောင်နန်းကျေးရွာအနီးရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကမ်းဘေးရှိ မျှောဖောင်(ဝါးဖောင်) ၃၅ စီးကို အုပ်ချုပ်ရေးမှူးမှ မျှောဖောင်များကို အမြန်ဆုံးဖြုတ်သိမ်းကြရန် မတ်လ ၁၃ ရက်နေ့က ညွှန်ကြားခဲပြီး၊ ဝန်ခံကတိများ ရယူထားကာ လမုံဇွပ်ကျေးရွာနှင့် အူဗျစ်ကျေးရွာအနီး ရွှေလိပ်ပြာသဲကျောက်ထုတ်လုပ်သည့် လုပ်ငန်းခွင်အတွင်း မတ်လ ၁၅ ရက်နေ့က တရားမဝင်ရွှေတူးဖော်နေသူ (၅)ဦးနှင့် Backhole ၃ စီးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဇီးကျွန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ (၅)ဦးနှင့် အတူ ရွှေတူးဖော်ရာတွင်အသုံးပြုသည့် မျှောဖောင် (၅)ဖောင်နှင့်အတူ သက်သေခံပစ္စည်းများကိုလည်း မတ်လ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်က ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ တရားမဝင် ရွှေတူးဖော်နေမှုများကို မြန်မာသတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) ဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမူဖွင့်အရေးယူထားသည်။
ကသစ်
#PeopleMedia