ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့၌် ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်
PUBLISHED - July 2, 2024
နေပြည်တော်၊ ဇူလိုင် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက် နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ မြစ်ကြီးနားမြို့၏စိုးရိမ်ရေမှတ် စင်တီမီတာ ၁၂၀၀ ရှိသည့် အနက် မြစ်ရေသည် ဇူလိုင် ၁ရက်နေ့ မွန်းလွဲ ၃ နာရီ တိုင်းထွာချက် အရ ၁၃၆၈ စင်တီမီတာကျော်အထိ မြင့် တက်လာခဲ့ကြောင်း သိရသည်။
ရေများဝင်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာများရှိ လူမှုကူညီရေးအသင်း များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၁၆ ခုနှင့် အာလမ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လတ်တလောရေဘေးရှောင် စခန်း ၃၀ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရေဘေးရှောင်အိမ်ထောင်စုများအား လိုအပ်သည့် အထောက်အပံ့များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia