ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ကျောင်းသား (၄) ဦးအနက် (၂) ဦးရေနစ်သေဆုံး

PUBLISHED - March 18, 2025
နေပြည်တော်၊ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ ဆိပ်ခံဘောတံတားအနီးတွင် ရေဆင်းချိုးသည့် ကျောင်းသား(၄) ဦးအနက် ကျောင်းသား (၂) ဦးရေနစ်သေဆုံး သွားကြောင်း သိရသည်။
ယင်းရေနစ်သေဆုံးမှုမှာ မတ်လ ၁၇ ရက် ၄ နာရီ ၃၀ အချိန်တွင် ကျောင်းသား(၂) ဦးရေနစ်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ဒေသခံလူမှုကူညီရေးအသင်းများမှ လိုက်လံရှာဖွေရာ ၆ နာရီ ၃ မိနစ်အချိန်တွင် အ-ထ-က (၅) တွင် ကျောင်းတတ်ရောက်သည့် Grade-6 အသက်(၁၄) နှစ်အရွယ် အောင်မြတ်ထူး၏ အလောင်းကိုတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ၄၃ အချိန်တွင် အ-ထ-က (၅) တွင် ကျောင်းတတ်ရောက်သည့် Grade-10 ကျောင်းသား အသက် (၁၆) နှစ်အရွယ် အောင်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ရေကူးတဲ့သူက ၄ ယောက်။ သူတို့က ကျောင်းသားတွေ။ အလောင်းတွေ့တာက တစ်လောင်းနဲ့တစ်လောင်း ဝါးတစ်ပြန်ကွာတယ်” လို့ ရုပ်အလောင်းများကို ကူညီရှာဖွေသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ PeopleMedia သို့ဖြေကြားသည်။
အဆိုပါရေနစ်သေဆုံးသည့် အလောင်းများကို ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo-Credit
#PeopleMedia