ဧရာဝတီမြစ်အတွင်း လျှပ်စစ်ထုတ်ယူနိုင်သည့် ဦးစားပေးလေးနေရာအနက်မှ အသင့်လျှော်ဆုံးတစ်နေရာအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံဖြိုးရေးကော်မရှင်ဥက္ကဋ္ဌမှာကြား

PUBLISHED - January 8, 2025
နေပြည်တော်၊ ဇန်နဝါရီ ၈
ဧရာဝတီမြစ်အတွင်း လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျှော်ဆုံး တစ်နေရာအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ယနေ့က နေပြည်တော်တွင် ကျင်းပသည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးတွင် မှာကြားလိုက်သည်။
လက်ရှိ အနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက် ဖျက်ဆီးမှုများ ကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းခြင်း၊ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အ၀ မထုတ်လုပ်နိုင်သည့်အပြင် ရေးကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ် မောင်းနှင်၍ မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့် အတွက် သဘာဝဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ပြောသည်။
ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်သုံးသူများကို တက်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူး ပေးနေကြောင်း၊ ဖွံဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကျသည့်အတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ် ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒလုပ်ထုံးလုပ်နည်းများကို ပြည်လည်လေ့လာသုံးသပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာ အနက်မှ အသင့်လျှော်ဆုံး တစ်နေရာအား အကျိုးအပြစ်များနှင့် အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Engery အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Gridအတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ပြောကြားခဲ့သည်။
#PeopleMedia