ကျောင်းသားများသင်ယူလေ့လာမှုအခွင့်အလမ်းဆုံးရှုံးနေသည့်ကြားမှ တောင်အာရှနိုင်ငံများ၏ စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်း UNICEF တိုက်တွန်း

PUBLISHED - December 15, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းများပိတ်ခဲ့ရသဖြင့် ပညာရေးကမောက်ကမဖြစ်နေသော ကျောင်းသား သန်း ၄၀၀ ကျော်အရေး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ရန် အိန္ဒိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသည် စာသင်ကျောင်း များပြန်လည်ဖွင့်လှစ်သင့်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဒီဇင်ဘာလ ၉ ရက်နေ့က ပြောကြားလိုက်သည်။
၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ သြဂုတ်လအထိ အခြားတောင်အာရှနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံမှ စာသင် ကျောင်းများကို ပျမ်းမျှ ၃၁.၅ ပတ် ပိတ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့နိုင်ငံမှစာသင်ကျောင်းများကို ၁၈ လ နီးပါးပိတ်ခဲ့ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးကျောင်းပိတ်ကာလဖြစ်ကြောင်း UNICEF ကပြောသည်။
“အဝေးကနေသင်ကြားနိုင်တဲ့အခြေအနေမပေးတဲ့နေရာတွေမှာ ဒီလိုအဖြစ်အပျက်မျိုးုဖြစ်ခဲ့တာပါ။ အင်တာနက် လိုင်းနဲ့ တခြားသင်ထောက်ကူပစ္စည်းတွေရရှိဖို့ ခက်ခဲတယ်လေ။ များသောအားဖြင့် ယောကျာ်းလေးတွေက နည်းပညာတွေကို ပိုမိုသုံးစွဲခွင့်ရနေကြတာဆိုတော့ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ မိန်းကလေးတွေကြားထဲမှာ သင်ယူလေ့လာခွင့်ချို့တဲ့နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု UNICEF အဖွဲ့၏ တောင်အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး ဂျော့ချ်လာရီးအက်ဒ်ဂျိုင်းကပြောသည်။
Grade 1 အဆင့်ပြဋ္ဌာန်းထားသည့်သင်ရိုးညွှန်းတမ်းစာအုပ်ကိုဖတ်ရှုနိုင်သော grade 3 အဆင့်ကလေးငယ်များ ၏ အချိုးမှာ ၂၀၁၈ ခုနှစ်တွင် ၄၂ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၄ ရာခိုင်နှုန်းသာရှိတော့ကြောင်း အိန္ဒိ ယနိုင်ငံတွင်း လေ့လာဆန်းစစ်ချက်တစ်ခုအရ အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။
ကလေးငယ်များ ကျောင်းပြင်ပသို့ရောက်ရှိနေခြင်းသည် အဆိုပါကျောင်းသားကလေးငယ်များကို စိတ်ဖိစီးမှုများ ခံစားရစေခြင်း၊ စိတ်ကျန်းမာရေးအခြေအနေထိခိုက်စေခြင်းနှင့် အကြမ်းဖက်မှုအန္တရာယ်များတိုးမြှင့်လာခြင်းတို့ ကို တွေ့ကြုံစေနိုင်ခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် မိန်းကလေးများအဖို့ အရွယ်မတိုင်မီ အိမ်ထောင်ကျနိုင်သည့် အန္တရာယ်လည်းရှိသည်။ တောင်အာရှနိုင်ငံများမှ အစိုးရများကို စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် UNICEF အဖွဲ့က တောင်းဆို ထားသည်။ ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင် ကျောင်းများ အပြည့်အဝပြန် လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် အာဖဂန်နစ္စတန်တို့တွင် ကျောင်းများ တစ်ဝက်တစ်ပျက်ဖွင့်လှစ်နေကြောင်း ယူနက်စကိုစာရင်းဇယားအချက်အလက်များအရသိရသည်။
Ref: UN urges full reopening of South Asia schools amid learning loss
#PeopleMedia
(unicode)
………………………………………………………………
Ref: UN urges full reopening of South Asia schools amid learning loss
#PeopleMedia