ဆေးဝါးထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိကမထားဘဲ နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးစီးပွားအတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ကြရန် န-စ-ကဥက္ကဋ္ဌ မှာကြား
PUBLISHED - November 12, 2021
ရန်ကုန်၊ နိုဝင်ဘာ ၁၂ (People Media)
ဆေးဝါးထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိကမထားဘဲ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးစားပေးစဉ်းစား ဆောင်ရွက်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူများ အမှန်တကယ် လိုအပ်သည့်ဆေးဝါးများ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ်ရေးဆွဲ၍ စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြောသည်။
မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား သုတေသနပြုလုပ်၍ လိုအပ်သည့် ဆေးဝါးများ အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပမှတင်သွင်းလျက်ရှိသည့် ဆေးဝါး များအား ဈေးကွက်သုတေသနပြုလုပ်ဆောင်ရွက်၍ ပြည်ပတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် စက်ရုံမှ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်စက်ပစ္စည်းများအား ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ကိုဗစ် -၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆေးစတင် ထုတ်လုပ်နိုင်သည့်အချိန်မှစ၍ ပြည်သူ များအတွက် လိုအပ်ချက်များ ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ဆေးဝါးများ၏အရည်အသွေးနှင့် ဈေးနှုန်းများသည် ပြည်ပဈေးကွက်ဖြင့် ယှဉ်နိုင်ရန်လိုကြောင်း၊ အခြား အရေးကြီးဆေးဝါးများမှအပ ပြည်ပမှတင်သွင်းသည့်ဆေးနှင့် မိမိတို့ စက်ရုံမှ ထုတ်လုပ်သည့် အမျိုးအစားတူ အခြေခံဆေးဝါးများ၏ ဈေးနှုန်းများကို နှိုင်းယှဉ်၍ ခိုင်မာသည့် ဈေးနှုန်း၊ ဈေးကွက် အဖြစ်ရပ်တည်နေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
#PeopleMedia #နစက
(unicode)
……………………………………………………………………………