တောင်ငူမြို့နယ်၌ ဇွန်လအထိ ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် လူနေအိမ်၊ အဆောက်အဦး၊ အလုပ်ရုံး များကို နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ မီးဖြတ်မည်

PUBLISHED - November 24, 2021
တောင်ငူ၊ နိုဝင်ဘာ ၂၄ (People Media)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လအထိ လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်ထားခြင်း မရှိသည့် လူနေအိမ်၊ အဆောက်အဦး၊ အလုပ်ရုံးများကို နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ မီးဖြတ်ခြင်းကို ဆောင် ရွက်သွားမယ်လို့ တောင်ငူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ လျှပ်စစ်ဌာနအနေဖြင့် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ရောင်းချသူများထံမှ ဓာတ်အား ဝယ်ယူရာတွင် ပြည်သူသို့ ရောင်းချသော ဈေးနှုန်းထက် ပိုမိုများပြားသော ဈေးနှုန်းဖြင့် ဝယ်ယူရကြောင်း ဖော်ပြထားသည်။
သို့ဖြစ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပေးနိုင်ရန် အများပြည်သူများ အနေဖြင့် မိမိတု့ိ သုံးစွဲထားသော ဓာတ်အားခများအား လစဉ်ပုံမှန်ပေးချေမှသာ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ် ရောင်းချသူများထံသို့ ပေးချေနိုင်မည်ဖြစ်ကြောင်း၊ ပေးချေမှု ရပ်တန့်ပါက ဓာတ်အားပြတ်တောက်မှုများ ပိုမို များပြားလာနိုင်ကြောင်း သိရသည်။
ထိုကြောင့် မလွှဲမရှောင်သာသော အခြေအနေကြောင့် (၆/၂၀၂၁)လအထိ ပေးချေးထားမှုမရှိသော အများ ပြည်သူများ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စ၍ မီးစတင်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း တောင်ငူမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားသေားမြို့နယ်များ၌ လျှပ်စစ်ဓါတ်အားခ ပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို လျှပ်စစ်ဖြတ်တောက်မှုများကို သက်ဆိုင်ရာဌာနက ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia #တောင်ငူမြို့
(unicode)
…………………………………………………………